နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ

Posted by MOEP (1)

 (နေပြည်တော် ဇူလိုင် ၁၉၊ ၂၀၁၀ ခုနှစ်)

              မီးခလုတ်ကို လက်ညှိုးလေးကလေးနဲ့ ဖိလိုက်တဲ့အခါ “ဂျောက်”(ချောက်)ဆိုတဲ့ အသံ ပေါ်ထွက်လာပြီး မရှေးမနှောင်းမှာပဲ မီးချောင်း(မီးလုံး)က အလင်းရောင် ဖြာကျလာပါတယ်။
သြော် ….. ခလုတ်ကလေးနှိပ်လိုက်ရုံနဲ့ အလင်းရောင်ရတယ်ဆိုတော့ ငှက်ပျောသီး အခွံနွှာစား သလောက်တောင်း မခက်ပါလားလို့ ထင်စရာ ရှိပါတယ်။
ကြိုးပမ်းလုပ်ဆောင်
              တကယ်တော့ ဒီလောက်မလွယ်ပါဘူး။ လျှပ်စစ်အလင်းရောင် ရရှိရာ၊ ရရှိကြောင်း အရင်းခံအကြောင်းရင်းကိုသာ ဂဃနဏ သိကြမယ်ဆိုရင် ခလုတ်လေနှိပ်ရုံနဲ့ မီးလင်းအောင် ဘယ်လောက် အထိ ခက်ခက်ခဲခဲနဲ့ အဆင့်ဆင့် ကြိုးပမ်းလုပ်ဆောင် ရတယ်ဆိုတာကို သဘောပေါက်ပါလိမ့်မယ်။ ဒီလိုသဘောပေါက်ရင် လျှပ်စစ်ဓာတ်အားကို ချွေတာရကောင်းမှန်း သိလာပြီး နေ့ခင်းဘက်မှာ မလိုအပ်ဘဲ မီးချောင်း(မီးလုံး)တွေ ဖွင့်ထားတာ၊ တီဗွီကို ကြည့်မယ့်လူ မရှိဘဲ တစ်ချိန်လုံး ဖွင့်ထားတာ စတဲ့ လျှပ်စစ်ဓာတ်အား အလဟဿ ဖြုန်းတီးပစ်တာမျိုးကို မလုပ်ကြတော့ဘူးပေါ့။
အသင့်အသုံးပြု
              လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ရတာ အချိန်ယူရသလို ငွေကြေး ကုန်ကျမှုလည်း အလွန်များပါတယ်။ ဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ပြီးလို့ ဓာတ်အား ထုတ်လုပ်နိုင်ပြီပဲ ဆိုပါတော့…။ ချက်ချင်းအသုံးပြုလို့ရသေးတာမဟုတ်ဘူး။ မဟာဓာတ်အားလိုင်း တွေ၊ ဓာတ်အားခွဲရုံတွေ အဆင့်ဆင့်သွယ်တန်း၊ တည်ဆောက်ပြီးမှသာ စက်ရုံ၊ အလုပ်ရုံနဲ့ နေအိမ် တွေမှာ အသင့်အသုံးပြုလို့ရတာပါ။
              မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ထုတ်ယူသုံးစွဲနိုင်တဲ့ သဘာဝအရင်းအမြစ်တွေ ပေါကြွယ်ဝ ပါတယ်။ ဒီလိုသဘာဝအရင်းအမြစ်တွ ပေါကြွယ်ဝပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဖြစ်စဉ်သမိုင်းကို ပြန်ပြောင်းကြည့်ရင် ၁၉၈၈ ခုနှစ် ရှေ့ပိုင်း ကာလတွေမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဆိုလို့ လက်ညှိုးထိုးပြစရာ ၁၆၈ မဂ္ဂါဝပ် ထွက်ရှိတဲ့ ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ၅၆ မဂ္ဂါဝပ် ထွက်ရှိတဲ့ ကင်းတားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတို့ပဲ ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်မီက ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံဆိုလို့ ပြစရာမရှိခဲ့ပါဘူး။
ထပ်တိုးလာ
              ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တစ်ခုပြီးတစ်ခု အပြိုင်းအရိုင်းပေါ်ပေါက်လာခဲ့ ပါတယ်။ ပြည်နယ်နှင့် တိုင်းအနှံ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်နိုင်ခဲ့ရာ မန္တလေး တိုင်းမှာ ဆည်တော်ကြီး ၂၅ မဂ္ဂါဝပ်၊ ပေါင်းလောင်း ၂၈၀ မဂ္ဂါဝပ်နဲ့ ရဲရွာ ၇၉၀ မဂ္ဂါဝပ်၊ ကယားပြည်နယ်မှာ ဘီလူးချောင်းအမှတ်(၁) ၂၈ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ဇော်ဂျီ အမှတ်(၁) ၆၀၀ မဂ္ဂါဝပ်၊ ဇော်ဂျီအမှတ်(၂) ၁၂ မဂ္ဂါဝပ်နဲ့ ရွှေလီအမှတ်(၁) ၆၀၀ မဂ္ဂါဝပ်၊  ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ကျိုင်းတောင်း ၅၄ မဂ္ဂါဝပ်နဲ့ တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁၂၀ မဂ္ဂါဝပ်၊ ပဲခူးတိုင်းမှာ ဇောင်းတူ ၂၀ မဂ္ဂါဝပ်၊ သဖန်းဆိပ် ၃၀ မဂ္ဂါဝပ်၊ ရဲနွယ် ၂၅ မဂ္ဂါဝပ်နဲ့ ခပေါင်း ၃၀ မဂ္ဂါဝပ်၊ မကွေးတိုင်းမှာ မုန်း ၇၅ မဂ္ဂါဝပ် စတဲ့ ဓာတ်အားပေး စက်ရုံတွေ ထပ်တိုးလာနိုင်ခဲ့ပါတယ်။
              ၁၉၈၈ ခုနှစ် မတိုင်မီက လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံသာရှိခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အပါအ၀င် လျှပ်စစ်ဓာတ်အားပေး စက်ရုံပေါင်း ၁၄ ခု အထိ တည်ဆောက်နိုင်ခဲ့လို့ အခုဆိုရင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၆ ရုံအထိ ရှိလာပြီဖြစ်ပါတယ်။ စက်တပ်ဆင်အားအနေဖြင့် ၁၉၈၈ ခုနှစ်မတိုင်မီက ၂၂၄ မဂ္ဂါဝပ်သာ ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း (ယနေ့ကလာအထိ) ၂၁၀၇ မဂ္ဂါဝပ်အထိ ရှိလာပြီဖြစ်ပါတယ်။
ချိတ်ဆက်
              အခုအချိန်မှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၅ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တစ်ရုံ စုစုပေါင်း ဓာတ်အားပေးစက်ရုံ ၁၆ ရုံမှ မဟာဓာတ်အားလိုင်း (National Grid)နဲ့ ချိတ်ဆက်ပြီး ဓာတ်အားပို့လွှတ်လျက်ရှိပါတယ်။
              ၁၉၈၈ ခုနှစ် မတိုင်မီက ဓာတ်ငွေ့၊ ရေနွေးငွေ့နဲ့ ဒီဇယ်တို့ကို အသုံးပြုတဲ့ ဓာတ်အားပေးစက်ရုံတွေကိုသာ အဓိကအားကိုးအားထား ပြုခဲ့ရတာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်မီက ဓာတ်ငွေ့၊ ရေနွေးငွေ့ နဲ့ ဒီဇယ်သုံး ဓာတ်အားပေးစက်ရုံ ရှစ်ရုံနဲ့ ၃၀၅ ဒသမ ၁ မဂ္ဂါဝပ်သာ ရှိခဲ့ပါတယ်။
              ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်း လှော်ကား ၉၉ ဒသမ ၉ မဂ္ဂါဝပ်၊ လှော်ကား(ရေနွေးငွေ့) ၅၄ ဒသမ ၃ မဂ္ဂါဝပ်၊ နီဒို (ရေနွေးငွေ့) ၉ ဒသမ ၄ မဂ္ဂါဝပ်၊ အလုံ ၉၉ ဒသမ ၉ မဂ္ဂါဝပ်၊ အလုံ(ရေနွေးငွေ့) ၅၄ ဒသမ ၃ မဂ္ဂါဝပ်၊ သာကေတ ၅၇ မဂ္ဂါဝပ်နဲ့ သာကေတ (ရေနွေးငွေ့) ၃၅ မဂ္ဂါဝပ်တို့ကို ထပတိုးတည်ဆောက်နိုင်ခဲ့ပါတယ်။
              စက်တပ်ဆင်အားအနေဖြင့် ၁၉၈၈ ခုနှစ် မတိုင်မီက ၃၀၅ ဒသမ ၁ မဂ္ဂါဝပ် ဖြစ်ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ၄၀၉ ဒသမ ၈ မဂ္ဂါဝပ် ဖြစ်ပါတယ်။ ရန်ကုန်မြို့ အနီးပတ်ဝန်းကျင် အတွင်းရှိ သဘာဝဓာတ်ငွေ့သုံး တာဘိုင် (Gas Turbine) တွေရဲ့ စက်တပ်ဆင်အားမှာ  ၄၇၀ ဒသမ ၇၀ မဂ္ဂါဝပ် ဖြစ်ပြီး အမျိုးသား ဓာတ်အားကွန်ရက် (National Grid)မှ မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး ဓာတ်အားပို့လွှတ်လျက်ရှိပါတယ်။
အံ့မခန်း
              ၁၉၈၈ ခုနှစ်နောက်ပိုင်း တည်ဆောက်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအပြင် နောက်ထပ် ထပ်တိုးဆောင်ရွက်ဆဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကလည်း အံ့မခန်းလောက်အောင် တွေ့ရမှာ ဖြစ်ပါတယ်။ ဆောင်ရွက်ဆဲ ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေဟာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေအပါအ၀င် စုစုပေါင်းစီမံကိန်း ၆၄ ခု တောင်မှ ရှိနေပါတယ်။
ဆောင်ရွက်ဆဲ
              အဲဒီဆောင်ရွက်ဆဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကတော့ မန္တလေးတိုင်း အတွင်းမှာ အထက်ပေါင်းလောင်း ၁၄၀ မဂ္ဂါဝပ်၊ နန်ချို ၄၀ မဂ္ဂါဝပ်၊ ရဲရွာ ၇၉၀ မဂ္ဂါဝပ်၊ အထက် ဆည်တော်ကြီး ၆၄ မဂ္ဂါဝပ်၊ မကွေးတိုင်းမှာ အထက်ဗူး ၁၅၀ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ အထက်ရဲရွာ ၂၈၀ မဂ္ဂါဝပ်၊ တာဆန်း ၇၁၁၀ မဂ္ဂါဝပ်၊ ရွှေလီ(၃) ၁၀၅၀ မဂ္ဂါဝပ်၊ အထက် ဘီလူးချောင်း ၂၉ မဂ္ဂါဝပ်၊ အထက်သံလွင်(ကွမ်းလုံ) ၁၄၀၀ မဂ္ဂါဝပ်၊ နောင်ဖ ၁၀၀၀ မဂ္ဂါဝပ်၊ မာန်တောင်း ၂၀၀ မဂ္ဂါဝပ်၊ ရွှေလီ(၂) ၅၂၀ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှာ နမ့်လွေ စီမံကိန်း ခြောက်ခုဖြစ်တဲ့ ကျိုင်းတုံ ၉၆ မဂ္ဂါဝပ်၊ ၀မ်တာပင်း ၂၅ မဂ္ဂါဝပ်၊ ဆိုလူး ၁၆၅ မဂ္ဂါဝပ်၊ မိုင်းဝ ၅၀ မဂ္ဂါဝပ်၊ ကျိုင်းရမ်း ၂၈ မဂ္ဂါဝပ်၊ ဟီကူး ၈၈ မဂ္ဂါဝပ်၊ နမ့်ခ ၂၀၀ မဂ္ဂါဝပ်၊ ပဲခူးတိုင်းမှာ ကွန်းချောင်း ၆၀ မဂ္ဂါဝပ်၊ ဖြူးချောင်း ၄၀ မဂ္ဂါဝပ်၊ သောက်ရေခပ်(၂) ၁၂၀ မဂ္ဂါဝပ်၊ ရွှေကျင် ၇၅ မဂ္ဂါဝပ်၊ ဘောဂတ ၁၆၈ မဂ္ဂါဝပ်၊ ကရင်ပြည်နယ်မှာ ဟတ်ကြီး ၁၃၆၀ မဂ္ဂါဝပ်၊ စစ်ကိုင်းတိုင်းမှာ ထမံသီ ၁၂၀၀ မဂ္ဂါဝပ်၊ မဏိပူ ၃၈၀ မဂ္ဂါဝပ်၊ ရွှေစာရေး ၆၆၀ မဂ္ဂါဝပ်၊ မော်လိုက် ၅၂၀ မဂ္ဂါဝပ်နဲ့ ကလေးဝ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ၆၀၀ မဂ္ဂါဝပ်၊ ရန်ကုန်တိုင်းမှာ ရန်ကုန်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ၂၇၀ မဂ္ဂါဝပ်၊ ကချင်ပြည်နယ်မှာ တာပိန်(၁) ၂၄၀ မဂ္ဂါဝပ်၊ မြစ်ဆုံ ၆၀၀၀ မဂ္ဂါဝပ်၊ ယီနန် ၁၂၀၀ မဂ္ဂါဝပ်၊ ခေါင်လံဖူး ၂၇၀၀ မဂ္ဂါဝပ်၊ ဖီဇော ၂၀၀၀ မဂ္ဂါဝပ်၊ ၀ူဆောက် ၁၈၀၀ မဂ္ဂါဝပ်၊ ချီဖွေ ၂၈၀၀ မဂ္ဂါဝပ်၊ လိုက်ဇာ ၁၉၀၀ မဂ္ဂါဝပ်၊ ချီဖွေငယ် ၉၉ မဂ္ဂါဝပ်၊ ထာခ ၆ မဂ္ဂါဝပ်၊ တာပိန် (၂) ၁၆၈ မဂ္ဂါဝပ်နဲ့ နော်ချမ်းခ စီမံကိန်းငါးခုဖြစ်တဲ့ ကူလန့် ၁၀၀ မဂ္ဂါဝပ်၊ ၀ူကျုံးကျယ် ၆၀ မဂ္ဂါဝပ်၊ ခန်ကန်း ၁၄၀ မဂ္ဂါဝပ်၊ ထုံရှင်းချောင်း ၃၂၀ မဂ္ဂါဝပ်၊ လောင်းဒင် ၄၃၅ မဂ္ဂါဝပ်၊ ရခိုင်ပြည်နယ်မှာ သူဌေး ၁၁၁ မဂ္ဂါဝပ်၊ အမ်းချောင်း ၁၀ မဂ္ဂါဝပ်၊ စိုင်းဒင် ၇၆ ဒသမ ၅ မဂ္ဂါဝပ်နဲ့ လေးမြို့ ၅၀၀ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှာ အထက်ကျိုင်းတောင်း ၅၁ မဂ္ဂါဝပ်၊ ကယားပြည်နယ်မှာ ဘီလူးချောင်း(၃) ၅၂ မဂ္ဂါဝပ်၊ ရွာသစ် ၆၀၀ မဂ္ဂါဝပ်၊ နမ့်ပွန် ၁၃၀ မဂ္ဂါဝပ်နဲ့ နမ့်တဘက် ၁၁၀ မဂ္ဂါဝပ်၊ တနင်္သာရီတိုင်းမှာ သကျက် ၂၀ မဂ္ဂါဝပ်၊ ကော့သောင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၆ မဂ္ဂါဝပ်၊ အညာဖျား ၉ မဂ္ဂါဝပ်နဲ့ တနင်္သာရီ ၆၀၀ မဂ္ဂါဝပ်တို့ ဖြစ်ပါတယ်။
              နိုင်ငံ့ဂုဏ်ဆောင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်တဲ့ ရဲရွာရေအားလျှပ်စစ်စီမံကိန်း ဟာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် မန္တလေးမြို့ရဲ့ အရှေ့တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ကျေးရွာအနီးမှာ တည်ရှိပါတယ်။ တမံအမျိုးအစားဟာ ကွန်ကရစ်တမံ (Roller Compacted Concrete Dam) အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးတည်ဆောက်တဲ့ တမံအမျိုးအစား လည်း ဖြစ်ပါတယ်။
              ရဲရွာရေအားလျှပ်စစ်စီမံကိန်းရဲ့ တမံအမြင့်ဟာ ၄၃၃ ပေဖြစ်ပြီး ပုပါးမီးတောင်က ချော်ကျောက်ကို ကြိတ်ထားတဲ့ သဘာဝပိုဇိုလန်နဲ့ ဘိလပ်မြေတို့ကို အချိုးကျရောစပ်ပြီး တည်ဆောက် ထားတာ ဖြစ်ပါတယ်။ ရေလှောင်ကန်ရဲ့ အမြင့်ဆုံးရေပြင် နိမ့်/မြင့် အမှတ်ဟာ ၆၆၆ ဒသမ ၈ ပေ၊ ကန်ရေပြည့်သိုလှောင်ပမာဏဟာ ဧကပေ ၂၁၁၄၂၀၀ ဖြစ်ပါတယ်။
ဓာတ်အားထုတ်လုပ်မှု
            ရဲရွာရေအားလျှပ်စစ်စီမံကိန်းရဲ့ စက်တပ်ဆင်အားဟာ ၇၉၀ မဂ္ဂါဝပ် (၄x၁၉၇ ဒသမ ၅ မဂ္ဂါဝပ်)ဖြစ်ပြီး တစ်နေ့ ပျမ်းမျှ ထုတ်လုပ်နိုင်မယ့် ဓာတ်အားဟာ ကီလိုဝပ်နာရီသန်း ၃၅၅၀ ဖြစ်ပါတယ်။ စက်လေးလုံးရဲ့ စုစုပေါင်း တပ်ဆင်အားဟာ ၇၉၀ မဂ္ဂါဝပ် ဖြစ်ပေမယ့် သိုလှောင်ထားတဲ့ ကန်ရေအမြင့်ပေါ်မူတည်ပြီး ဓာတ်အားထုတ်လုပ်မှုမှာ အနည်းအများ ကွာခြားချက်ရှိမှာ ဖြစ်ပါတယ်။ ဇူလိုင် ၉ရက်နေ့အထိ ကန်ရေပြင် နိမ့်/မြင့်အမှတ်ဟာ ၅၆၇ ပေ ဖြစ်ပါတယ်။
               ရဲရွာရေအားလျှပ်စစ်စီမံကိန်းရဲ့ စက်အမှတ်(၁)ကို ၁၈.၂.၂၀၁၀ရက်မှာ စမ်းသပ် မောင်းနှင် လည်ပတ်ခဲ့ပြီး ၂၄.၂.၂၀၁၀ ရက်မှ စတင်ကာ ဓာတ်အားထုတ်လုပ်ပို့လွှတ်လျက် ရှိပါတယ်။ စက်အမှတ်(၂)ကို ၈.၇.၂၀၁၀ ရက်မှာ စမ်းသပ်မောင်းနှင်လည်ပတ်ခဲ့ပြီး ၁၄.၇.၂၀၁၀ ရက်မှာ ဓာတ်အားထုတ်လုပ်ပို့လွှတ်လျက်ရှိပါတယ်။ အခုအချိန်မှာ စက်အမှတ်(၁)နှင့် စက်အမှတ်(၂)တို့မှ တစ်ရက်လျှင် စုစုပေါင်းဓာတ်အား ၃ ဒသမ ၃ သန်း ကီလိုဝပ်နာရီထုတ်လုပ်ပြီး ဓာတ်အားစနစ်အတွင်း ပို့လွှတ်လျက်ရှိပါတယ်။ စက်အမှတ်(၃)နဲ့ စက်အမှတ်(၄)တို့ကို တပ်ဆင် ဆောင်ရွက်ဆဲဖြစ်ပြီး စီမံကိန်းတစ်ခုလုံးရဲ့ ၉၆ ဒသမ ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ လာမယ့် အောက်တိုဘာလမှာ စီမံကိန်းတစ်ခုလုံး ရာခိုင်နှုန်းပြည့် ပြီးစီးမှာဖြစ်ကြောင်း သိရပါတယ်။
ဆက်လက်တည်ဆောက်
              ဆောင်ရွက်ဆဲ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတွေ အားလုံးပြီးစီးသွားတဲ့အခါ စုစုပေါင်း တပ်ဆင်စက်အင်အား ၄၁၁၂၁ ဒသမ ၅၀ မဂ္ဂါဝပ် ရှိလာမှာဖြစ်ပါတယ်။ ဆက်လက်တည်ဆောက်သွားမယ့် ရေအားလျှပ်စစ် စီမံကိန်းတွေကတော့ မွန်ပြည်နယ်မှာ ဘီးလင်း ၂၈၀ မဂ္ဂါဝပ်နဲ့ ကရင်ပြည်နယ်မှာ ဒယိုင်ချောင်း ၂၅ မဂ္ဂါဝပ် တို့ပဲ ဖြစ်ပါတယ်။
              ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖွင့်လှစ်ပေးနေသလို အခြားတစ်ဖက်ကလည်း တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ဖို့ မဟာဓာတ်အားလိုင်းတွေ၊ ပင်မဓာတ်အားခွဲရုံကြီးတွေ တည်ဆောက်ပေးလျက်ရှိ ပါတယ်။ မဟာဓာတ်အားလိုင်းနဲ့ ပင်မဓာတ်အားခွဲရုံတွေကို ရေအားလျှပ်စစ်စက်ရုံတွေ တည်ဆောက်ပြီးစီးမယ့် အချိန်နဲ့တစ်ပြေးညီ တည်ဆောက်ပြီးစီးဖို့ စီစဉ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ဓာတ်အားစနစ်ကို တိုးချဲ့တည်ဆောက်လျက်ရှိပါတယ်။
အကောင်အထည်ဖော်
              ယခင်ရှိပြီးသား မဟာဓာတ်အားလိုင်းတွေအပြင် မဟာဓာတ်အားလိုင်း စီမံကိန်းဖြစ်တဲ့ ပန်လုံ-နမ့်ဆန် (၆၆)ကေဗွီဓာတ်အားလိုင်း ၁၈ မိုင် စီမံကိန်းနဲ့ ပင်မဓာတ်အားခွဲရုံ  စီမံကိန်းဖြစ်တဲ့ နမ့်ဆန်(၆၆/၁၁)ကေဗွီ၊ (၅)အမ်ဗွီအေ ဓာတ်အားရုံ စီမံကိန်းတို့ကို အကောင်အထည်ဖော် တည်ဆောက်ပြီး ဖြစ်ပါတယ်။
              ဆောင်ရွက်ဆဲ စီမံကိန်းတွေကတော့ မဟာဓာတ်အားလိုင်းစီမံကိန်းနှစ်ခုဖြစ်တဲ့ ကျောက်ပုထိုး-ရွှေကူ-ဗန်းမော်(၆၆)ကေဗွီဓာတ်အားလိုင်းမှ နဘားဓာတ်အားခွဲရုံသို့ အ၀င်/အထွက် ဓာတ်အားလိုင်း ၃ မိုင်စီမံကိန်းနဲ့ လက်ရှိ ကျွန်းချောင်း-ပခုက္ကူ (၆၆)ကေဗွီဓာတ်အားလိုင်း ၉ ဒသမ ၅ မိုင် စီမံကိန်း၊ ပင်မဓာတ်အားခွဲရုံ စီမံကိန်းနှစ်ခုဖြစ်တဲ့ နဘား(၆၆/၃၃/၁၁)ကေဗွီ၊ (၁၀)အမ်ဗွီအေ ဓာတ်အားခွဲရုံနဲ့ ကမ္မ၀တီဓာတ်အားပေးစက်ရုံမှာ (၆၆/၁၁)ကေဗွီ၊ (၅)အမ်ဗွီအေဓာတ်အားခွဲရုံ တို့ဖြစ်ပါတယ်။
စီမံကိန်းအသစ်
              ဆက်လက်ဆောင်ရွက်မယ့် စီမံကိန်းအသစ် (၁၁)ခုကတော့ မဟာဓာတ်အားလိုင်း စီမံကိန်းငါးခုဖြစ်တဲ့ လှိုင်သာယာ-အလုံ(၂၃၀)ကေဗွီ၊ Twin Bundle., Single Circuit မဟာဓာတ်အားလိုင်း ၁၅ မိုင် လှိုင်မြစ်ကျော်(အလုံ)(၂၃၀)ကေဗွီ Twin Bundle., Single Circuit  မဟာဓာတ်အားလိုင်း ၀ ဒသမ ၉ မိုင်၊ သထုံ-မော်လမြိုင် Twin Bundle., Single Circuit မဟာ ဓာတ်အားလိုင်း မိုင်(၆၀)၊ နဘား-မိုးညှင်း (၆၆)ကေဗွီ ဓာတ်အားလိုင်း (၅၅)မိုင်၊ ပင်မဓာတ်အားခွဲရုံ စီမံကိန်း ခြောက်ခုဖြစ်တဲ့ လှိုင်သာယာပင်မဓာတ်အားခွဲရုံမှာ Substation Bay Extension တစ်ခု တိုးချဲ့တည်ဆောက်ခြင်း၊ အလုံ (၂၃၀/၃၃) ကေဗွီ၊ (၂x၁၀၀)အမ်ဗွီအေ ပင်မဓာတ်အားခွဲရုံ၊ သထုံဓာတ်အားပေးစက်ရုံမှာ (၂၃၀)ကေဗွီ Switch Bay တစ်ခု တိုးချဲ့တည်ဆောက်ခြင်း၊ မော်လမြိုင်မှာ (၂၃၀/၆၆/၁၁)ကေဗွီ၊ (၂x၅၀)အမ်ဗွီအေ ပင်မဓာတ်အားခွဲရုံ ၊ မိုးညှင်း (၆၆/၁၁) ကေဗွီ၊ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံနဲ့ မိုးကောင်း (၆၆/၁၁)ကေဗွီ၊ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံတို့ ဖြစ်ပါတယ်။
              တည်ဆောက်လျက်ရှိတဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ပြီးစီးတဲ့အခါ ဖြစ်ပေါ် တိုးတက်လာမယ့် လျှပ်စစ်ဓာတ်အားပမာဏဟာ ပြည်တွင်းသုံးအတွက် လုံလောက်ရုံသာမကဘဲ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့ကို ရောင်းချနိုင်မှာ ဖြစ်လို့ နိုင်ငံခြား ၀င်ငွေပါ ရရှိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Grater Mekomg Sub-Region ဓာတ်အား ကွန်ရက်နဲ့ ချိတ်ဆက်ပြီး အာဆီယံနိုင်ငံတွေနဲ့ ဆက်သွယ်ကာ ဓာတ်အားထုတ်လုပ်မှုတွေ ပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။
              ပြည်တွင်းသုံး လျှပ်စစ်ဓာတ်အား လိုအပ်ချက် လုံလောက်လာတာနဲ့အမျှ လျှပ်စစ်ဓာတ်အားကို အပြည့်အ၀သုံးစွဲပြီး စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်လို့ ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ နယ်ပယ်စုံမှာ ရင်ပေါင်တန်း ထိုးဖောက်ယှဉ်ပြိုင်နိုင်မှာဖြစ်လို့ မျိုးဆက်သစ်တွေအတွက် ရေရှည်အကျိုးစီးပွားခံစားကြရမှာ ဖြစ်ပါတယ်။
              ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ နိုင်ငံတော်အစိုးရအနေနဲ့ ဒီဇယ်၊ ဓာတ်ငွေ့နဲ့ ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေနဲ့ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေကို ဒီလောက်အထိ လက်ညှိုးထိုးမလွဲ တိုးချဲ့တည်ဆောက်ပေးနိုင် ခဲ့ပေမယ့်လည်း လောလောဆယ်မှာတော့ နိုင်ငံတစ်ဝန်း လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားပမာဏကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပါဘူး။ ရန်ကုန်မြို့ အပါအ၀င် နယ်မြေဒေသအချို့မှာ လျှပ်စစ်ဓာတ်အားကို ၂၄ နာရီပတ်လုံး လိုသလောက်ဖြန့်ဖြူးပေးနိုင်ခြင်းမရှိသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။
              တကယ်တမ်းကျတော့ ၁၉၈၈ ခုနှစ် ဒီဘက်ပိုင်းမှာ ပြည်နယ်နှင့် တိုင်း အနှံ့အပြား စက်မှုဇုန်တွေ ထူထောင်ပေးခဲ့တာနဲ့အမျှ စက်ရုံ၊ အလုပ်ရုံတွေ တိုးတက်များပြားလာခဲ့ပါတယ်။ မြို့သစ်တွေ ပေါ်ပေါက်လာသလို အဆင့်မြင့်အိမ်ရာတွေ၊ အထပ်မြင့်အိမ်ရာတွေ တစ်ဟုန်ထိုး တည်ဆောက်လာခဲ့ကြပါတယ်။ အရင်က အိမ်တစ်အိမ်မှာ မီတာဘောက်တစ်ခုသာရှိခဲ့ရာက အဲဒီနေရာမှာ နှစ်ခန်းတွဲ လေးထပ်တိုက်တစ်လုံး ဆောက်လိုက်ခြင်းအားဖြင့် မီတာဘောက် ရှစ်ခု ရှိလာပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုကလည်း(၈)ဆရှိလာမှာဖြစ်ပါတယ်။ အိမ်တစ်အိမ်ချင်းမှာတောင် အဲဒီလို အခြေအနေမျိုးရှိနေရင် လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် ဘယ်လောက် ဓာတ်အားသုံးစွဲမှု မြင့်တက်လာမယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။
              မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ပုံမှန်တိုးတက်လျက်ရှိပြီး အခုဆိုရင် လူဦးရေ သန်း ၆၀ ခန့် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီလိုလူဦးရေ တိုးတက်လာတဲ့အပြင် ခေတ်ကာလအလျောက် လျှပ်စစ်ဓာတ်အား သုံးစွဲမှုလည်း ပိုမိုမြင့်မားလာခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားနဲ့ မကင်းတဲ့ ရုပ်မြင်သံကြားပြစက်၊ ကွန်ပျူတာ၊ ပန်ကာ၊ မိတ္တူကူးစက်၊ လေအေးပေးစက်၊ ရေခဲသေတ္တာ၊ မီးပူ၊ လျှပ်စစ်မီးဖို၊ ထမင်းပေါင်းအိုး၊ အ၀တ်လျှော်စက် စတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ အသုံးပြုမှု အဆမတန် တိုးတက်များပြားလာခဲ့သလို စက်ရုံ၊ အလုပ်ရုံတွေရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏလည်း ယခင်တုန်းကနဲ့ မယှဉ်သာလောက်အောင် များလာတာအမှန်ပါပဲ။ ဒါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပြန်ကြည့်ရင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုနဲ့ ဓာတ်အားလိုအပ်မှု အချိုးမညီဘဲ ဖြစ်လာခဲ့ပါတယ်။
              မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ ဒီလိုလျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေတာမဟုတ်ဘဲ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ လာအိုတို့အပြင် ကမ္ဘောဒီးယားနိုင်ငံ မှာလည်း  ဓာတ်အားလိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါ့ကြောင့် အဲဒီနိုင်ငံတွေဟာ ပြည်တွင်းဓာတ်အား လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ တစ်ဖက်က လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တိုးချဲ့တည်ဆောက်နေရသလို တစ်ဖက်ကလည်း ပြည်ပနိုင်ငံတွေဆီက လျှပ်စစ်ဓာတ်အား ၀ယ်ယူသုံးစွဲနေရပါတယ်။
              တရုတ်နိုင်ငံမှာ ပြည်တွင်းသုံးစွဲမှု လုံလောက်ပေမယ့် ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ကို လျှပ်စစ်ဓာတ်အား ရောင်းချ နေတာမို့ ဓာတ်အားထပ်မံ ရရှိနိုင်မယ့် အရင်းအမြစ်တွေကို ရှာဖွေ ဖော်ထုတ်နေဆဲဖြစ်ပါတယ်။ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တိုးချဲ့တည်ဆောက်နေပေမယ့်လည်း စက်မှုကဏ္ဍ တိုးတက် လာတာနဲ့အမျှ “သမင်မွေးရင်း ကျားစားရင်း”ဆိုသလို ဓာတ်အားလိုအပ်ချက် မြင့်မားနေဆဲ ဖြစ်တာကို တွေ့ရပါတယ်။
              နိုင်ငံတော်အနေနဲ့ အရင်ရှိပြီးသား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုပမာဏနဲ့ မလုံလောက်တော့တဲ့အခါမှာ လျှပ်စစ်ဓာတ်အားထုတ်ယူရရှိနိုင်မယ့် အရင်းအမြစ်တွေကို ထပ်မံရှာဖွေဖို့ အစီအမံတွေ ချမှတ်လုပ်ဆောင်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့အပြင် အရင်က လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခြင်းမရှိတဲ့ ဒေသတွေအတွက်လည်း ထည့်သွင်း စဉ်းစားပြီး ရေအားလျှပ်စစ်စီမံကိန်းတွေကို ငွေကုန်ကြေးကျ များစွာခံပြီး နေ့မအား၊ ညမနား  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
              ဒါပေမယ့်လည်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းဟာ “ခု ရေတွင်းတူး၊ ခု ရေကြည်သောက်”လို့ ရတဲ့ လုပ်ငန်းမျိုးမဟုတ်ပါဘူး။ ရေအားအရင်းအမြစ် တည်ရှိရာ နေရာတွေကို ရှာဖွေစူးစမ်းတိုင်းတာခြင်းကနေ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အား ကွန်ရက်မှ တစ်ဆင့် ဖြန့်ဖြူးပေးနိုင်တဲ့အထိ နှစ်ပေါင်းများစွာ အချိန်ယူပြီး အဆင့်ဆင့်ဆောင်ရွက် ရတာဖြစ်ပါတယ်။ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို လူသူမနီးတဲ့ တောတောင်တွေထဲက ရေအရင်းအမြစ်ရှိရာ နေရာတွေမှာ တည်ဆောက်ရတာဖြစ်လို့ ဘယ်လောက် အပင်ပန်းခံ အဆင်းရဲခံပြီး တည်ဆောက်ရတယ်ဆိုတာ တွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။ ဒါပေမယ့်လည်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံဟာ တည်ဆောက်ရတဲ့ ကာလကြာရှည်ပြီး ခက်ခဲပေမယ့် နှစ်ပေါင်းများစွာအထိ အကျိုးကျေးဇူးခံစားရတယ်ဆိုတာ နှစ်(၅၀)ပြည့် ရွှေရတုသဘင်ကာလကို လွန်မြောက်ခဲ့တဲ့ ကယားပြည်နယ်က ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးက သက်သေခံနေပါတယ်။
              ရခိုင်ပြည်နယ်လို တောင်ကုန်းတောင်တန်းနဲ့ မြစ်ချောင်းပေါများတဲ့ ဒေသမှာ ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ရတာ လွန်စွာမှ ခက်ခဲပါတယ်။ မိုးရွာသွန်းမှု များပြားတဲ့ ဒေသဖြစ်လို့ မိုးရာသီမှာ လုပ်ငန်းတွေ ရပ်စဲထားရပြီး မိုးကုန်မှ လုပ်ငန်းပြန်စရတာမျိုးပါ။ စက်ယန္တရားတွေကို လုပ်ငန်းခွင်ရောက်ဖို့ သယ်ယူပို့ဆောင်စရိတ် အမြောက်အမြား သုံးစွဲပြီး ခက်ခက်ခဲခဲ သယ်ယူရပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်မီက အစိုးရအဆက်ဆက် အိပ်မက်သာ  မက်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရထားလမ်းဖောက်ခြင်းနဲ့ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းတွေကို နိုင်ငံတော်အစိုးရက ကြိုးပမ်းအကောင်အထည်ဖော်နေတာဟာ ပြည်သူတွေအပေါ်ထားရှိတဲ့ စိတ်ရင်း စေတနာ အမှန်ကို ဖော်ပြနေတာပဲဖြစ်ပါတယ်။
              အခုအခါမှာ ရန်ကုန်မြို့နေ ပြည်သူတွေ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေးအတွက် စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက မုတ္တမကမ်းလွန် ရတနာသဘာဝ ဓာတ်ငွေ့မြေမှ ရတနာ-ရန်ကုန် ၂၄ လက်မ ပြည်တွင်းသုံးကမ်းလွန်ပိုက်လိုင်းကို မိုင်ပေါင်း (၁၇၉ ဒသမ ၆၄)မိုင်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၀ အကုန်အကျခံ သွယ်တန်း တည်ဆောက်ပေးခဲ့ပါတယ်။
              ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်က ရတနာသဘာဝဓာတ်ငွေ့မြေမှ ၂၄ လက်မ ပိုက်လိုင်း သစ်ကနေ ရန်ကုန်မြို့ရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့ထိန်းချုပ်တိုင်းတာ ဖြန့်ဖြူးရေးစခန်း(ရွာမ) (Gas Distribution Station)သို့ သဘာဝဓာတ်ငွေ့တွေ စတင်ပေးပို့ခဲ့ပါတယ်။ အဲဒီရွာမစခန်းကနေ ဇွန်လ ၁၂ ရက်က စတင်ပြီး ပြည်တွင်းသုံးအတွက် သဘာဝဓာတ်ငွေ့တွေကို တိုးမြှင့်ဖြန့်ဖြူး ပေးလျက်ရှိရာ အခုဆိုရင် ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ ပိုမိုဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
              နိုင်ငံတော်အစိုးရက တည်ဆောက်ပေးပြီးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ တည်ဆောက်ဆဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ထပ်မံတည်ဆောက်မယ့် လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေဟာ အဖိုးမဖြတ်နိုင်တဲ့ အမျိုးသားအမွေအနှစ်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုနဲ့ အမြော်အမြင် ကြီးများမှုတို့ဖြင့် ပေါ်ပေါက် တည်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေဟာ အနာဂတ်မျိုးဆက်သစ်တွေ အကျိုးခံစား ကြရမှာဖြစ်လို့ ရေရှည်တည်တံ့ပြီး စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် နောင်အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက် သွားကြရမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။     ။
(သတင်းဆောင်းပါး - မောင်တွေးတက်)
(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏  "နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့်  အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ" ဆောင်းပါးဖြစ်ပါသည်။

ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းမှ

Posted by MOEP (1)



* တာဘိုင် အမှတ်(၁) လျှပ်စစ် ဓာတ်အား စမ်းသပ် ထုတ်လုပ်ပြီ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးသည် ကုန်ထုတ်လုပ်မှု မောင်းနှင်အား အပေါ် မူတည်လျက် ရှိသည်။ မောင်းနှင်အား လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ဖြန့်ဝေပေးနိုင်သည်နှင့်အမျှ စက်ရုံ၊အလုပ်ရုံများကစက်စွမ်းအားအပြည့်အဝ လည် ပတ်နိုင်ပြီး ကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းတွင် လျှပ်စစ်ဓာတ်အား နှင့် ဓာတ်ငွေ့အလုံအလောက်ရရှိအောင် ဆက်သွယ်ကြိုး ပမ်းနေကြခြင်းဖြစ်သည်။
* မြန်မာနိုင်ငံတွင်လည်း မြစ်ချောင်းရေ သယံဇာတ ပေါများသည့် အလျှောက် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး အတွက် ရေလှောင်တမံ ဘက်စုံ စီမံကိန်းကြီးများ တည်ဆောက်ကာ နှစ်ရှည်စီမံကိန်းဖြင့် ဆောင်ရွက် အကောင်အထည် ဖော်လျက်ရှိရာ ရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် အသုံးပြုလျက် ရှိနေသည်။ အထူး စီမံကိန်းကြီးများ ချမှတ်ပြီးလည်း အကောင်အထည်ဖော် တည်ဆောက်လျက် ရှိသည်။
* ယင်းတို့အထဲတွင် မန္တလေးမြို့၏ အရှေ့တောင်ဘက် (၃၁)မိုင်ကွာ ရဲရွာရေအား လျှပ်စစ်စီမံကိန်းကြီးလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် မြစ်ငယ်မြစ်(ဒုဋ္ဌဝတီမြစ်)အပေါ်တွင် တည်ဆောက်အကောင် အထည်ဖော်နေခြင်းဖြစ်သည်။ အရှေ့တောင်အာရှတွင် အကြီးဆုံးရေလှောင်တမံ ရေအားလျှပ်စစ်စီမံကိန်းတစ်ရပ်ဖြစ်သည်။ ဤမျှကြီးမားသည်ကို ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အတွင်း ရောက်ရှိ မြင်တွေ့ရမှသာ ကောင်းစွာ သိရှိနိုင်မည်ဖြစ်သည်။
* မန္တလေးမှသွားလျှင် ပြင်ဦးလွင်လမ်း ကျောက်ချော အရောက်တွင် လမ်းညာဘက်၌ စီမံကိန်းဆိုင်းဘုတ်တွေ့ရမည် ဖြစ်သည်။ ကျောက်ချောရွာအတိုင်း မောင်းနှင်လာလျှင် ရွာမှလွန်သော် အုတ်ခင်းလမ်း တွေ့ရမည်ဖြစ်သည်။ ထိုလမ်းအတိုင်းလိုက်လာပါက ကျွဲနဖိုး တောင်များ ရှုခင်းအလှနှင့် ယှဉ်လျက် ကျောက်တောင်များကြားမှ လမ်းက ဖြူးဖြောင့်လျက်ရှိသည်။ ရဲရွာရေအား လျှပ်စစ်စီမံကိန်းစတင်မှ လမ်းတိုးတက် ကောင်းမွန်လာသည်။ လမ်းတစ်လျှောက် ဆီးခြံများလည်း တွေ့ရသလို ပဲမျိုးစုံယာခင်းများလည်း တွေ့ရသည်။
* ရဲရွာရေအားလျှပ်စစ်စီမံကိန်း မုခ်ဦးရောက်သောအခါ တောတောင်ရှုခင်းတွေက ဒုဋ္ဌဝတီမြစ်ညာ၏အလှကို ဖော်ပြလျက်ရှိသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြီး တစ်ခုလုံး အပေါ် လှည့်လည်လေ့လာ ကြည့်ရှုနိုင်ရန် ကျောက်တောင် ကျောက်သားလမ်းဖောက်လုပ် ထားပြီး လှပစွာကြည့်ရှုခံစားနိုင်သည်။ တမံကြီးမှ အထက်ကြည့်လိုက်သော် ဒုဋ္ဌဝတီမြစ် ရေပြင်ကြီးသည် တောင်ထွတ်တောင်စွယ် တောင်များ အကြား၌ ပန်းချီရေးထိုးထားသလို လှပနေသည်။ တောတောင်၏ အစိမ်းရောင်၊ ရေ၏အစိမ်းရောင်တို့ဖြင့် ဆောင်းနှောင်းနွေ ရာသီသရုပ် ပေါ်လွင်လှသည်။ တောင်ကမ်းပါးယံ၌ ရဲရွာရေအားလျှစ်စစ် စီမံကိန်းဟူသော ဆိုင်းဘုတ်ကိုလည်း လှမ်းမြင်ရသည်။ တောင်ကိုကွေ့ပတ်ဆင်းရင်း ပင်မတမံကြီး မည်မျှ မြင့်မားကြောင်း အံ့မခန်းတွေ့ရသည်။
* လျှစ်စစ်ဓာတ်အားများထုတ်လုပ်ပေးသည့် ကြီးမားသော တာဘိုင်ကြီးများကိုလည်း တပ်ဆင်နေကြသည်။ ပင်မတမံတည်ဆောက်ခြင်း လုပ်ငန်း၊ ရေပိုလွှဲတည်ဆောက်ခြင်း လုပ်ငန်း၊ ရေယူအဆောက်အအုံလုပ်ငန်း၊ နှင့် ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်သည်။ ဖေဖော်ဝါရီလထဲတွင် တာဘိုင်အမှတ် (၁)မှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လုပ်နေပြီ ဖြစ်ရာ ဖေဖော် ဝါရီ (၂၁) ရက်နေ့က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းများကို လျာထားသတ်မှတ်ချိန် ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်း တာဘိုင် (၄)လုံးအနက် တစ်လုံးမှ လျှပ်စစ်ဓာတ်အား စမ်းသပ်လည်ပတ်လျက်ရှိသည်။ လည်ပတ်၍ ထွက်ရှိသော ရေကို စက်ရုံရေထုတ်မြောင်းမှ တစ်ဆင့် ဒုဋ္ဌဝတီ မြစ်အတွင်းသို့ ထုတ်လွှတ်ပေးလျက်ရှိသည်။ ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် ရေယူအဆောက်အအုံလေးခု၊ ရေပိုလွှဲနှင့် တစ်လုံးလျှင် စက်တပ်ဆင် အင်အား (၁၉၇ ဒသမ ၅)မဂ္ဂါဝပ်ရှိသော တာဘိုင်နှင့် ဂျင်နရေတာ လေး လုံး တပ်ဆင်ထားသဖြင့် လျှပ်စစ်ဓာတ်အားစုစုပေါင်း မဂ္ဂါဝပ် (၇၉ဝ)ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။ ယခုအခါ တာဘိုင်အမှတ်(၁)မှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လုပ်နေပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို ဓာတ်အားဖြန့်ကွန်ရက်စနစ်သို့ ဖြည့်ဆည်း ဖြန့်ဖြူးပေးသွားမည် ဟုသိရသည်။

မောင်မျက်လုံး (မန်း)

http://www.snapshot-news.com/index.php?option=com_content&view=article&id=4016:2010-03-06-15-11-57&catid=270:vol2-no75&Itemid=120


လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်ပေးမည့် နေပြည်တော် ပျဉ်းမနားမှ နန်ချို ရေအားလျှပ်စစ် စီမံကိန်း

Posted by MOEP (1)

* နိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံအတွင်း ပေါများကြွယ်ဝလျက်ရှိသော ရေအရင်းအမြစ်များမှ ရေအား လျှပ်စစ် ထုတ်ယူပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက် အကောင်အထည် ဖော်ရာတွင် အဓိက ပါဝင်ဆောင်ရွက်ရန် ဟူသော ဦးတည်ချက်နှင့်အညီ ရေအားလျှပ်စစ် စီမံကိန်းများကို နိုင်ငံတော်က ဒေသအနှံ့တွင် အကောင်အထည်ဖော်လျက်ရှိသည်။ အကောင်အထည်ဖော်လျက်ရှိသော ရေအားလျှပ်စစ် စီမံကိန်းများတွင် နေပြည်တော် ပျဉ်းမနား အရှေ့ဘက်၌ တည်ဆောက်နေသော နန်ချို ရေအားလျှပ်စစ်စီမံကိန်းတစ်ခု ပါဝင်သည်။

* နန်ချို ရေအားလျှပ်စစ် စီမံကိန်းနယ်မြေသို့ ဦးစီးအရာရှိ ဦးသက်ထွန်းနှင့်အတူ အရှေ့ရိုးမတောင်စွယ် တောင်ကြားကို ကွေ့ပတ်ကျော်ဖြတ်သွားရောက်ခဲ့ရာ စိမ်းစို သာယာနေသောသစ်တောများ အလွန်တွင် နန်ချို ရေအားလျှပ်စစ် စီမံကိန်းဧရိယာသို့ ရောက်ရှိသည်။

* နန်ချို ရေအားလျှပ်စစ် စီမံကိန်းသည် နေပြည်တော် ပျဉ်းမနား အရှေ့ဘက် ၁၆ မိုင်ခန့်အကွာ ပေါင်းလောင်း မြစ် အတွင်းသို့ စီးဝင်သော နန်ချို ချောင်းဆုံနေရာ၏ အထက်ဘက် ခုနှစ်မိုင်ခန့် အကွာတွင် တည်ရှိသည်။

* နန်ချို ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရခြင်း ရည်ရွည်ချက်သည် တည်ဆောက်ပြီးသော ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း၏ အထက်ဘက် ပေါင်းလောင်း မြစ်အတွင်းသို့ စီးဝင်သော နန်ချိုချောင်းမှ ရေအားလျှပ်စစ် ထုတ်ယူခြင်းဖြင့် လက်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ၏ နှစ်စဉ်လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု တိုးတက်စေကာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်း ပေးရန်ဖြစ်သည်။

* နန်ချိုချောင်းသည် ရေစီးကောင်းပြီး ကရင်ပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်မှ စီးဆင်းလာကာ ပေါင်းလောင်းမြစ်ထဲသို့ စီးဝင်သည်။ စလူချောင်း၊ ဆောင်တောင်ချောင်းနှင့် စရစ်ချောင်းများကလည်း စီးဝင်ကြသည်။ နန်ချို ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ အချက်အလက်များကို လက်ထောက် ညွှန်ကြားရေးမှူး ဦးလင်းနိုင်အေး (တည်ဆောက်ရေး-၁)က ရှင်းလင်းပြသသည်။ ထို့နောက် ဦးစီးအရာရှိ ဦးသက်ထွန်းနှင့်အတူ ကွင်းဆင်းလေ့လာခဲ့သည်။

* နန်ချို ရေအားလျှပ်စစ် စီမံကိန်းကာလအတွင်း အသုံးပြုရန်အတွက် ဆောင်တောင်ချောင်းပေါ်တွင် ကီလိုဝပ် ၆၀ ရရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခဲ့ရာ စီမံကိန်းဧရိယာနှင့် ၀န်ထမ်းအိမ်ရာများ လျှပ်စစ်ဓာတ်အားများ ရရှိခဲ့သည်။ နန်ချို ရေအားလျှပ်စစ်စီမံကိန်းတွင် တည်ဆောက်မည့် ရေလှောင်တမံသည် တောင့်တင်းခိုင်မာသော ကွန်ကရစ်တမံ (EVE) (Over Flow Type) အမျိုးအစား ဖြစ်သည်။

* ရေယူအဆောက်အအုံမှ ရေထိန်းကန်သို့ အလျားပေ ၇၃၃၀ နှင့် အချင်း ၁၅ ဒသမ ၅ ပေရှိ ရေသွယ်ဥမင်လိုဏ်ဖြင့် ရေသွယ်ယူရာတွင် ဥမင်လိုဏ်သွားရာ လမ်းကြောင်းများ၌ စလူချောင်းက ဖြတ်သန်း စီးဆင်းလျက်ရှိနေသည်။ စလူချောင်း ၀ဲ၊ ယာ တွင် ရှိသည့် ရေသွယ်ဥမင်လိုဏ် နှစ်ခုကို အချင်း ၁၅ ဒသမ ၅ ပေနှင့် အလျား ၃၈၄ ပေရှိ ရေတံလျှောက် ပိုက်လိုင်းဖြင့် ချောင်းပေါ်တွင် တံတားတည်ဆောက်၍ ဆက်သွယ်မည်ဖြစ်သည်။ တံတားအောက်ခြေတွင် ခိုင်ခံ့သော ကွန်ကရစ်တိုင် နှစ်တိုင်ဖြင့် ထောက်ထားမည်ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် စလူချောင်း ရေစီးရေလာ မပြတ်ရှိစေပြီး သဘာဝတောတောင်များ အလှမပျက်စီးစေရန် ဖြစ်သည်။ ယခုအခါတွင် ယာယီရေတားတမံ၊ ရေလွှဲရေထုတ်ပြွန်လုပ်ငန်းများ၊ ရေထိန်းကန်များ တည်ဆောက်လျက်ရှိရာ ၂၀၁၀ ပြည့်နှစ်တွင် ပြီး တည်ဆောက်၍ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၅၂ သန်းခန့် ထုတ်လုပ်ဖြန့်ဖြူး ပေးသွားမည်ဖြစ်သည်။

* နန်ချို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ အလျားပေ ၁၄၀၊ အနံ ၈၉ ပေနှင့် အမြင့် ၉၈ ပေ ရှိပြီး ဓာတ်အားပေးစက်ရုံတွင် မဂ္ဂါဝပ် ၂၀ အင်အားရှိ ဒေါင်လိုက် ဖရန်စစ်တာဘိုင် အမျိုးအစားနှစ်လုံး တပ်ဆင်၍ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀ ထုတ်လုပ်မည်ဖြစ်သည်။ နှစ်စဉ် ပျမ်းမျှ ထုတ်လုပ်မှု ဓာတ်အားမှာ ကီလိုဝပ် နာရီသန်းပေါင်း ၁၅၂ သန်း ဖြစ်သည်။

* နန်ချို ရေအားလျှပ်စစ်စက်ရုံတွင် အလျား ၂၄၈ ပေ၊ အနံ ၁၄၁ ပေ၊ ဓာတ်အားခွဲရုံမှ တစ်ဆင့် မဟာ ဓာတ်အားလိုင်းသို့ လျှပ်စစ်ဓာတ်အားများ ဖြည့်ဆည်းပေးလွှတ်ပြီး တစ်နိုင်ငံလုံး ဖြန့်ကြက်၍ လျှပ်စစ် ဓာတ်အားများ ပို့လွှတ်မည်ဖြစ်သည်။

* နန်ချို ရေအားလျှပ်စစ်စီမံကိန်းမှ ဦးစီးအရာရှိ ဦးသက်ထွန်းက ရှင်းလင်းပြသရင်း မိမိတို့ စီမံကိန်းလုပ်ငန်းကို သတ်မှတ်ချိန်အတွင်း ပြီးစီးရန် အင်ဂျင်နီယာ ၀န်ထမ်း(မြို့ပြ) ၂၃ ဦး၊ (စက်မှု) ၂ ဦး၊ လျှပ်စစ် ၂ ဦး နှင့် အခြားအဆင့် ၀န်ထမ်း (မြို့ပြ) ၃၅ ဦး၊ (စက်မှု) ၁၀ ဦး၊ ကျွမ်းကျင်လုပ်သားပေါင်း ၁၂၀ တို့က နေ့ညမနား ကြိုးစားဆောင်ရွက်နေကြောင်း ရှင်းလင်းပြောပြသည်။

* နန်ချို ရေအားလျှပ်စစ်စီမံကိန်းကြီး အောင်မြင်စွာ ပြီးစီးပြီးနောက် လက်ရှိ ပေါင်းလောင်းရေအားလျှပ်စစ် ထုတ်လုပ်မှုကို နှစ်စဉ် လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ်မှု စွမ်းအား တိုးတက်စေသည့်အပြင် နန်ချို ရေအားလျှပ်စစ်စီမံကိန်းကလည်း နှစ်စဉ် လျှပ်စစ်ဓာတ်အားများ တိုးတက် ထုတ်လုပ်ပေးနိုင်သဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးကျေးဇူးများ ရရှိခံစားရမှာ ဖြစ်ကြောင်း ကွင်းဆင်း လေ့လာရေးသား တင်ပြလိုက်ရပါသည်။


လျှပ်စစ်ဓာတ်အားနှင့် စိုက်ပျိုးရေပေးဝေမည့် ဖြူးချောင်း ရေအားလျှပ်စစ် စီမံကိန်း

Posted by MOEP (1)

* နိုင်ငံတော်အစိုးရက ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုရရှိသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားများ ထုတ်ယူနိုင်သည့် ရေအရင်းအမြစ်များရှိရာ ဒေသများ၌ ဓာတ်အားပေးစက်ရုံများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်ယူဖြန့်ဖြူးပေးလျက်ရှိသည်။

* ထိုသို့ ဆောင်ရွက်ပေးလျက်ရှိသည့် စီမံကိန်းများအနက် ပဲခူးတိုင်း ဖြူးမြို့၏ အနောက်ဘက် ခုနှစ်မိုင်ခန့် အကွာတွင် တည်ဆောက်အကောင်အထည်ဖော် လျက်ရှိသည့် ဖြူးချောင်းရေအားလျှပ်စစ် စီမံကိန်းလည်း ဖြစ်သည်။

* ဖြူးချောင်း ရေအားလျှပ်စစ်စီမံကိန်းကို ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန တည်ဆောက်ရေး (၃)က ရေယူ အဆောက်အအုံ လုပ်ငန်း၊ ရေထိန်းတံခါးပြွန် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေသွယ် ဥမင်လိုဏ်ဖောက်လုပ်ခြင်းလုပ်ငန်း၊ ဖိအားမြှင့် သံမဏိပိုက်လိုင်းလုပ်ငန်းနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် တည်ဆောက်လျက် ရှိကြသည်။

* ဆည်မြောင်းဦးစီးဌာနက ရေလှောင်တမံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်း၊ ရေလွှဲဆည် တည်ဆောက်ခြင်း လုပ်ငန်း၊ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းများကို တာဝန်ယူ တည်ဆောက်လျက်ရှိသည်။

* ဖြူးချောင်းရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့်အတွက် -
(၁) ဖြူးချောင်းရေအားလျှပ်စစ်မှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်မှ တစ်နိုင်ငံလုံးသို့ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခြင်း၊
(၂) စစ်တောင်းမြစ်ဝှမ်းလွင်ပြင်၏ ဒေသအလိုက် ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ခြင်း၊
(၃) စစ်တောင်းမြစ်ဝှမ်း၊ ဖြူး၊ ဇေယျဝတီဒေသများအတွင်းရှိ လယ်မြေများသို့ သီးထပ် စိုက်ပျိုးနိုင်ရန် အတွက် ဆည်ရေပေးဝေ နိုင်ခြင်း အကျိုးကျေးဇူးများ ရရှိခံစားနိုင်သည်။

* ဖြူးချောင်း ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၂ ခုနှစ်က အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပြီးစီးမည်ဟု ကာလ သတ်မှတ်ထားသည်။

* ဖြူးချောင်းသည် နွေ၊ မိုး၊ ဆောင်း ရာသီသုံးမျိုး အချိန်မရွေး ရေစီးဆင်းလျက်ရှိပြီး ပဲခူးရိုးမ တောင်လျှိုမြောင် ကြားများမှ စုပေါင်း စီးဆင်းလာခဲ့ပြီး ရေစီးသန်သည်။ နောက်ဆုံး စစ်တောင်းမြစ်ဝှမ်းထဲသို့ စီးဝင်သွားသည်။ အဆိုပါလုပ်ငန်းများကို ကွင်းဆင်း လေ့လာရာတွင် မြို့ပြအပိုင်း၊ စက်မှုအပိုင်းများမှ တာဝန်ယူ တည်ဆောက်နေသော လက်ထောက်ညွှန်ကြားရေးမှူး ဦးမြသူရ၊ လက်ထောက် အင်ဂျင်နီယာ (မြို့ပြ)များ ဖြစ်သော ဦးကျော်မိုးလှိုင်၊ ဦးထွန်းမင်းသိန်း၊ ဦးစိုင်းသူရကျော်ထွန်းနှင့် မြန်မာ အမျိုးသမီး အင်ဂျင်နီယာ ဒေါ်သန္တာနှင့် စက်မှုပိုင်းဆိုင်ရာ လက်ထောက်အင်ဂျင်နီယာ ဦးခင်မောင်ကြည် တို့ကလည်း ကဏ္ဍအလိုက် ရှင်းလင်း ပြသကြသည်။

* ဖြူးချောင်း ရေအားလျှပ်စစ်စီမံကိန်းတွင် အင်ဂျင်နီယာဝန်ထမ်းများနှင့် အခြားအဆင့်ဝန်ထမ်းများ၊ ကျွမ်းကျင် လုပ်သားများ စသည်ဖြင့် ၁၉၆ ဦး နေ့ညမနား ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်။

* လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် အသုံးပြုပြီးရေကို ရေလွှဲဆည်မှတစ်ဆင့်၊ မြောင်းမကြီးမှ တစ်ဆင့် လယ်မြေဧရိယာ ဧကတစ်သိန်းကို ရေပေးဝေမည်ဖြစ်သည်။

* ဖြူးချောင်း ရေအားလျှပ်စစ်မှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို ဇေယျဝတီဓာတ်အားခွဲရုံမှ တစ်ဆင့် ဓာတ်အားများကို မဟာဓာတ်အားလိုင်း ကွန်ရက်မှ တစ်ဆင့် တစ်နိုင်ငံလုံး ဖြန့်ဖြူးပေးမည်ဟု သိရှိရသည်။

* ဖြူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် နိုင်ငံတော်နှင့်ပြည်သူ၊ တောင်သူများအားလုံးအတွက် အကျိုးကျေးဇူး များစွာ ရရှိ စေသည်။ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိခံစားရမှု၊ လျှပ်စစ်ဓာတ်အား ထုတ်ပြီးသော ရေများကလည်း ရေလွှဲဆည်မှ စိုက်ပျိုးရေ ပေးဝေမည်ဖြစ်၍ လျှပ်စစ်ဓာတ်အားများ ရရှိခြင်းသာမက စပါးနှင့် အခြားသီးနှံများ တစ်သီးစားမှ နှစ်သီးစားအဖြစ်ပါ အကျိုးကျေးဇူးခံစားရမည်မှာ သေချာနေပြီဖြစ်သည်။


ကွန်းချောင်း ရေအားလျှပ်စစ်စီမံကိန်း မြင်ကွင်းများ

Posted by MOEP (1)

* နိုင်ငံတော်အစိုးရသည် လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန် ရေအားလျှပ်စစ် စီမံကိန်းများကို နိုင်ငံတော်၏ နေရာအနှံ့အပြားတွင် တိုးချဲ့တည်ဆောက်နေပြီး လျှပ်စစ်ဓာတ်အားများ ထုတ်ယူပြီးသော ရေများကိုလည်း အလဟသမဖြစ်စေဘဲ စိုက်ပျိုးမြေများသို့ ရေပေးဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တည်ဆောက်နေသော ကွန်းချောင်း ရေအားလျှပ်စစ်စီမံကိန်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။

* ကွန်းချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့၏ အနောက်တောင်ဘက် ကိုးမိုင်ခန့်အကွာ ကွန်းချောင်းပေါ်၌ တည်ရှိသည်။ ကွန်းချောင်းရေအားလျှပ်စစ်စီမံကိန်းတည်ရှိရာ နယ်မြေသို့ ကျွန်တော်တို့ သတင်းဆောင်းပါးရေးသားရေးအဖွဲ့ သွားရောက်ခဲ့ရာ စီမံကိန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြင့်ထွန်း၊ လက်ထောက်အင်ဂျင်နီယာ ဦးအောင်ကိုမြင့်၊ ဒု-ဦးစီးမှူး ဦးရဲဝင်းထွန်း(မြို့ပြ)တို့နှင့် တွေ့ဆုံခဲ့ပြီး ကွန်းချောင်းရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြသကြသည်။

* ကွန်းချောင်းသည် ပဲခူးရိုးမမှ စီးဆင်းလာပြီး ရေစီးသန်သော ချောင်းကြီးဖြစ်၍ နောက်ဆုံး စစ်တောင်းမြစ်ထဲသို့ စီးဝင်သည်။ ကွန်းချောင်းရေအားလျှပ်စစ်စီမံကိန်းကို ၁၉၆၄ ခုနှစ်ကတည်းက ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်တွင် စတင်ထည့်သွင်းခဲ့ပြီး စစ်တောင်းမြစ်ဝှမ်း ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်သော ဘက်စုံစီမံကိန်းတစ်ခုဖြစ်သည်။

* ကွန်းချောင်းရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် အောက်ပါအတိုင်း အကျိုးကျေးဇူး များစွာ ခံစားနိုင်မည်ဖြစ်သည် -
(၁) ကွန်းချောင်းရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အား
ကွန်ယက်စနစ်မှ တစ်နိုင်ငံလုံးသို့ ဓာတ်အားဖြန့်ဖြူးပေးမည်။
(၂) စစ်တောင်းမြစ်ဝှမ်း လွင်ပြင်၏ ဒေသအလိုက် ရေလွှမ်းမိုးမှုကို ကာကွယ်ပေးမည်။
(၃) စစ်တောင်းမြစ်ဝှမ်း၊ ကညွတ်ကွင်း၊ ပဲနွယ်ကုန်းဒေသများအတွင်းရှိ လယ်မြေများသို့ သီးထပ်သီးညှပ်
စိုက်ပျိုး နိုင်ရေးအတွက် ဆည်ရေ ပေးဝေမည်ဖြစ်သည်။

* ကွန်းချောင်း ရေအားလျှပ်စစ် အကောင်အထည်ဖော်ရာ၌ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ရေလှောင်တမံတည်ဆောက်မှုလုပ်ငန်း၊ တမံရေပိုလွှဲလုပ်ငန်း၊ ရေထုတ်ပြွန်နှင့် ရေထိန်းမျှော်စင်လုပ်ငန်း၊ ရေ၀င်အဆောက်အအုံလုပ်ငန်း၊ ဖိအားမြှင့် သံမဏိပိုက်လိုင်း လုပ်ငန်းများ ပါဝင်ပြီး ဆည်မြောင်းဦးစီးဌာနမှ ရေလွှဲဆည်လုပ်ငန်းနှင့် ဆည်ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းများ ပါဝင်သည်။

* ရေသွယ်ဥမင်လိုဏ် ဖောက်လုပ်ခြင်းလုပ်ငန်းကို မျက်နှာနှစ်ဖက်မှ ဆောင်ရွက်လျက်ရှိရာ ပေ ၄၃၄၀ တူးဖော်ပြီး ဖြစ်သည်။ တူးဖော်ပြီး ဥမင်လိုဏ်ကြံ့ခိုင်မှုရှိစေရေးအတွက် လိုအပ်သော လုပ်ငန်းများ ဆောင်ရွက်နေပြီး ရေလျှံထိန်းစည် ကွန်ကရစ်လောင်းခြင်းကို ၃၈၅၃ ကျင်း ဆောင်ရွက်ပြီးစီးခဲ့သည်။ ဓာတ်အားပေးစက်ရုံ မြေကြီး ကျောက်သားတူးဖော်ခြင်းလုပ်ငန်း ကျင်း ၁၅၄၅၃၀ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရှိရသည်။

* ပင်မတမံ ပြီးစီးမှုမှာ ၉၅ ဒသမ ၆ ရာခိုင်နှုန်း၊ ရေပိုလွှဲလုပ်ငန်းပြီးစီးမှုမှာ ၇၆ ဒသမ ၆ ရာခိုင်နှုန်း၊ ရေယူအဆာက်အအုံ လုပ်ငန်းမှာ ၉၅ ရာခိုင်နှုန်း၊ ရေသွယ်ဥမင်လိုဏ်လုပ်ငန်း ၅၇ ရာခိုင်နှုန်း၊ ရေလျှံထိန်းစည် လုပ်ငန်း ၉၄ ဒသမ ၈ ရာခိုင်နှုန်း၊ ဓာတ်အားပေး စက်ရုံလုပ်ငန်း ၂၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ စီမံကိန်စတစ်ခုလုံး ပြီးစီးမှု ရာခိုင်နှုန်း ၇၁ ရာခိုင်နှုန်း ရှိကြောင်းသိရှိရသည်။

* ဦးစီးအရာရှိများက ရှင်းလင်းပြသရာတွင် တမံမှ သိုလှောင်ထားသော ရေကို လျှပ်စစ်ဓာတ်အားထုတ်ယူရန် အတွက် ရေယူအဆောက်အအုံမှ ဖိအားနိမ့် သံမဏိပိုက်လိုင်းမှ တစ်ဆင့် ရေသွယ်ဥမင်လိုဏ်သို့ ၀င်ရောက်မည်ဖြစ်ကြောင်း၊ ထို့နောက် ဖိအားမြှင့် သံမဏိပိုက်လိုင်းမှ တစ်ဆင့် စက်ရုံသို့ ရောက်ပြီး တာဘိုင် မဂ္ဂါဝပ် ၂၀x၃ လုံး (မဂ္ဂါဝပ် ၆၀) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၉၀ ကို မဟာဓာတ်အားလိုင်းသို့ ပို့ပေးပြီး တစ်နိုင်ငံလုံး ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရှိရသည်။ သို့ဖြစ်ပါ၍ ကွန်းချောင်းရေအားလျှပ်စစ်ဘက်စုံ စီမံကိန်း တည်ဆောက် အကောင်အထည်ဖော်ခြင်းအားဖြင့် တိုင်းရင်းသားပြည်သူများအတွက် မျှော်လင့်နေသည့် လျှပ်စစ်ဓာတ်အား အလင်းရောင်များနှင့်အတူ တောင်သူများအတွက် စပါးနှင့် သီးထပ်သီးညှပ်သီးနှံများ ပိုမို၍ စိုက်ပျိုးထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း ကွင်းဆင်းလေ့လာရေးသား တင်ပြလိုက်ရပါသည်။

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း မြစ်ရေလွှဲပြီ

Posted by MOEP (1)

(နေပြည်တော် ဇန်န၀ါရီ ၂၁)

* နေပြည်တော် ပျဉ်းမနား၏ အရှေ့ဘက် ၂၆ မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၁) တည်ဆောက်ရေးမှ တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသော အထက်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်း၏ မြစ်ရေလွှဲခြင်းအခမ်းအနားကို လွန်ခဲ့သော ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီက အဆိုပါ စီမံကိန်းတည်ရာ၌ ကျင်းပခဲ့သည်။

တခဲနက်အားပေး

* အစီအစဉ်အရ ရှေးဦးစွာ ဧည့်သည်တော်များသည် စီမံကိန်း၏ လက်ယာဘက်ကမ်းရှိ ယာယီ မဏ္ဍပ်တွင် နေရာယူပြီးနောက် မင်္ဂလာအချိန် နံနက် ၉ နာရီတွင် စီမံကိန်းရှိ အင်ဂျင်နီယာများနှင့် ၀န်ထမ်း များက ပေါင်းလောင်းမြစ် လက်ဝဲဘက်ကမ်းနှင့် လက်ယာဘက်ကမ်းတို့မှ စက်ယန္တရားကြီးများ၊ ကျောက်သားများဖြင့် အားသွန်ခွန်စိုက် ထိုးပိတ်ကြရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များက လက်ခုပ်လက်ဝါးတီး၍ လည်းကောင်း၊ ယဉ်ကျေးမှု အကအဖွဲ့များက အိုးစည်ဒိုးပတ်များ တပျော်တပါးတီးမှုတ်ကခုန်၍ လည်းကောင်း တစ်ခဲနက် အားပေးခဲ့ ကြသည်။


ဆက်လက်ဖတ်ရှုရန်...click ပါ

အားပေးစကား

* ထို့နောက် ၀န်ကြီးနှင့်အဖွဲ့သည် ပိတ်ပြီးသွားသော ရေလွှဲတမံ လက်ယာဘက်ကမ်းမှ လက်ဝဲ ဘက်ကမ်းသို့ တမံပေါ်မှ ဖြတ်သန်းစစ်ဆေးကြည့်ရှုပြီးနောက် ၀န်ကြီးက လုပ်ငန်းဆောင်ရွက်နေကြသော စီမံကိန်းဝန်မ်းများ၊ အခမ်းအနားသို့ တက်ရောက်လာသော ဒေသခံပြည်သူများ၊ ယဉ်ကျေးမှုအကအဖွဲ့ဝင် များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။

အထိမ်းအမှတ်

* ၄င်းနောက် ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် အဖွဲ့တို့သည် ပေါင်းလောင်းမြစ်အတွင်း အမွှေး နံ့သာရည်များ ပက်ဖျန်းပေးပြီးနောက် စီမံကိန်း၏ လက်ယာဘက်ကမ်းရှိ မဏ္ဍပ်၌ စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး မြစ်ရေလွှဲခြင်း လုပ်ငန်း အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရောင်စုံမိုးပျံပူဖောင်းများ လွှတင်ကာ ရေလွှဲဥမင် (အ၀င်) ပိုင်းရှိ ပေါင်းလောင်းမြစ်အတွင်းသို့ ရွှေဘောလုံး၊ ငွေဘောလုံးနှင့် ရောင်စုံဘောလုံးများ ရေထဲမျှောချ ခဲ့ကြသည်။

* ၄င်းနောက် ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိသူများသည် (EL- 378)ရှုရပ်မှနေ၍ ယာယီ ရေလွှဲတမံထိုးပိတ်ပြီးစီးမှု၊ ပင်မတမံတည်ဆောက်မည့်နေရာ၊ ရေယူအဆောက်အအုံတည်ဆောက်မည့် နေရာ၊ ဓာတ်အားပေးစက်ရုံတည်ဆောက်မည့်နေရာနှင့် ဆွဒ်ယာဒ် တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးခဲ့သည်။

စီမံကိန်းလုပ်ငန်း

* အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း၌ ထိုသို့မြစ်ရေလွှဲရခြင်းမှာ စီမံကိန်းလုပ်ငန်းများ ဖြစ်သော ပင်မတမံအောက်ခြေ မြေကြီးကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် မြေကြီးကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ရေယူအဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်း၊ ဆွဒ်ယာဒ်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေတားနံရံတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ပေါင်းလောင်း မြစ်အတွင်း လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်၍ အဆိုပါလုပ်ငန်းများ ဆောင်ရွက်မည့် နေရာတွင် ရေ၀င်ရောက်မှုမရှိစေရန်အတွက် လုပ်ငန်းခွင် ဧရိယာ၏ အထက်ပိုင်းပေါင်းလောင်းကြီး၊ ပေါင်းလောင်း ငယ် မြစ်ငယ်နှစ်သွယ်တို့ ပေါင်းဆုံရာ နေရာမှာ ပေါင်းလောင်းမြစ်ကို ယာယီပိတ်၍ မြစ်ရေလွှဲထားသော နေရာသို့ ဖြတ်သန်းစီးဆင်းမည့် ရေများကို အချင်း ၃၃ ပေ၊ အလျားပေ ၉၆၀ ရှိ ရေလွှဲဥမင်ဖောက်လုပ်ကာ ပေါင်းလောင်းမြစ်ရေလမ်းကြောင်းကို ယာယီလွှဲပြောင်းစီးဆင်းစေခြင်းဖြစ်သည်။

* ထိုသို့ မြစ်ရေလွှဲပြီးနောက် မြစ်ရေလွှဲထားသော မူလနေရာ (ပေါင်းလောင်းမြစ်အတွင်း)တွင် ကျန်ရှိနေသော ရေများကို ကုန်စင်အောင် စုပ်ထုတ်ပြီးမှ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပေသည်။

သိုလှောင်မည်

* တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပါက ယာယီမြစ်ရေလွှဲထားသော ရေလွှဲဥမင်ကို ရေလွှဲဥမင်အပေါ်တွင် တပ်ဆင်ထားသော ရေတံခါးနှစ်ချပ်ဖြင့် ပိတ်၍ ယာယီရေတားတမံကို ပြန်လည် တူးဖော်ကာ မူလပေါင်းလောင်းမြစ်ကြောင်းအတိုင်း အထက်ပေါင်းလောင်းစီမံကိန်းရှိ ရေလှောင်တမံ အတွင်း မြစ်ရေစီးဝင်သိုလှောင်မည်ဖြစ်ပါကြောင်း ကွင်းဆင်းလေ့လာ တင်ပြလိုက်ရပါကြောင်း။



ရေအားလျှပ်စစ်နှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး

Posted by MOEP (1)

* ဤကမ္ဘာတွင် မှီတင်းနေထိုင်ကြကုန်သော လူသားတိုသည် ရေနှင့်ကင်းကွာ၍ ရပ်တည်ခြင်းငှာ မစွမ်းနိုင်ကြပါ။ ရေသည် လူသားတို့၏ အသက်ရှင်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့်ကိစ္စတို့တွင် မရှိမဖြစ်လိုအပ်သည့် အဖိုးတန်သယံဇာတတစ်မျိုးပင်ဖြစ်ပါ၏။

*
မြန်မာတို့၏ ရှေးထုံးအစဉ်လာ စကားတစ်ခုမှာ ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက် ဖြစ်ပါသည်။ အစားအသောက်မစားဘဲ ခုနှစ်ရက် အသက်ရှင်နေထိုင်နိုင်သော်လည်း ရေမသောက်ဘဲ တစ်မနက်ခင်းနေရမည်ဆိုပါက ကြီးစွာ ဒုက္ခရောက်ကြောင်း ဖော်ညွှန်းထားသည့် စာပိုဒ်လေး ဖြစ်ပါသည်။

*
နိုင်ငံတစ်ခု၏ အရေးကြီးသည့် အခြေခံသယံဇာတမှာ ရေနှင့်မြေပင် ဖြစ်ပါသည်။ ကမ္ဘပေါ်တွင် မြန်မာနိုင်ငံသည် အခြေခံသယံဇာတဖြစ်သည့် ရေနှင့်မြေတို့ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်နေခြင်းမှာ ကံကောင်းခြင်းတစ်ရပ်ဟု ဆိုရပါမည်။ ရေခံမြေခံကောင်းရှိသော မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကို အခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်...click ပါ
* တိုးတက်နေသည့် နိုင်ငံများတွင် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို ရေသယံဇာတမှ ထုတ်ယူကြသည်။ လျှပ်စစ်ဓာတ်အားထုတ်ယူ သုံးစွဲနိုင်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက် အကျိုးပြုလျက် ရှိပါသည်။

* စက်မှုထွန်းကားသည့် နိုင်ငံကြီးများတွင် လျှပ်စစ်ဓာတ်အားကို ရေသယံဇာတမှ ထုတ်ယူကြသည့်အပြင် အခြားနည်းလမ်းနှစ်ခုဖြင့်လည်း လျှပ်စစ်ဓာတ်အားကို စက်ရုံများတည်ဆောက်၍ ထုတ်ယူသုံးစွဲကြလေဘသည်။ ယင်းတို့မှာ-
(၁) အပူသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ
(THERMAL POWER STATION)
(၂) နျူကလီးယားသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ
(NUCLEAR POWER STATION)

*
မြန်မာနိုင်ငံ၌ ရေသယံဇာတသည် ရာသီဥတုမရွေးရရှိနိုင်သည့် အခြေခံပစ္စည်း ဖြစ်သည်။ ရေသယံဇာတကို အချိန်အခါမရွေးသုံးစွဲနိုင်အောင် စနစ်တကျ သိုလှောင်ထိန်းသိမ်းထားနိုင်ပါက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ကောင်းစွာ ဆောင်ရွက်နိုင်ပေသည်။

*
“ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း အခြေခံမှာ အမြင့်နေရာ၌ရှိသော ရေ၏ စွမ်းအားကို ရေတာဘိုင် (WATER TARBINE)နှင့် လျှပ်စစ်ထုတ်စက် (GENERATOR)အသုံးပြုပြီး လျှပ်စစ်စွမ်းအား (ELECTRIC POWER)ထုတ်လုပ်ခြင်းပင် ဖြစ်သည်။”

*
ထုတ်ယူရရှိနိုင်သည့် လျှပ်စစ်စွမ်းအားကို အခြေခံအားဖြင့် (Kilo Watt)ဖြင့် ဖော်ပြကြသည်။ စက်ရုံကြီးမှ ထုတ်လုပ်မှုကို မဂ္ဂါဝပ် (MEGA WATT)ဖြင့် ဖော်ပြ၏။ လျှပ်စစ်ပါဝါ (ELECTRIC POWER)သည် ရေအမြင့်မီတာ (HIGHMETER)နှင့် ရေထုဖြတ်နှုန်း (METER2SEC)ပေါ် မူတည်သည်။ ရေတာဘိုင်၏ စွမ်းရည် (EFFICIENCY)နှင့် လျှပ်စစ်စက်၏ စွမ်းရည်တို့ကို မြှောက်ခြင်းဖြင့် ထုတ်ယူရရှိ နိုင်သည့် လျှပ်စစ်စွမ်းအားကို ရရှိနိုင်ပေသည်။

*
ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းတစ်ခု ရေးဆွဲရာတွင် အောက်ပါ (၁၂)ချက်ကို မှီငြမ်းစဉ်းစားကြ၏။ အခြားအရေးကြီးအချက်များကိုလည်း ထပ်မံထည့်သွင်း စဉ်းစားရ၏ -
(၁) ရေစီးအနေအထား
(၂) နေရာ၊ ဒေသ၊ ဘူမိဗေဒအချက်အလက်များ
(၃) စွမ်းအားတောင်းဆိုချက်နှင့် ထုတ်ပေးနိုင်မှု
(၄) ဆောက်လုပ်ရန် ကုန်ကျမည့်စရိတ်
(၅) ထုတ်လုပ်မှုစရိတ်နှင့် အမြတ်
(၆) မြစ်တစ်ခုလုံး၏ ဖွံ့ဖြိုးမှု
(၇) ရေအားလျှပ်စစ်နှင့် အပူသုံးလျှပ်စစ်တို့ ပေါင်းစပ်ထုတ်လုပ်ပေးရေး
(၈) ရှိရင်းစွဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အနာဂတ်လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဆက်စပ်မှု
(၉) မြေနေရာအတွက် လျော်ကြေး
(၁၀) ပြီးဆုံးသည်အထိ ဆောက်လုပ်ချိန်
(၁၁) လိုအပ်သည့် ပို့လွှတ်လှိုင်း (TRANSMISSION LINE)နှင့် လျှပ်စစ်စက်ရုံခွဲများ (SUB STATIONS)
(၁၂) စက်ရုံပစ္စည်း ကိရိယာများကို သယ်ယူပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေး

*
မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်မှစ၍ ရေအားလျှပ်စစ်ဓာတ်အားထုတ်စက်ရုံများ တည်ဆောက်၍ အသုံးပြုခဲ့ကြသည်။ စက်ရုံများမှာ (၆)ခုရှိပြီး စက်ရုံငယ်အဆင့်ရှိကြသည်။ ယင်းတို့မှာ-
(၁) မိုးကုတ်မြို့နှင့် ကျောက်တွင်းများကို လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံ
(၂) နမ္မတူသတ္တုတွင်းသို့ လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံ
(၃) နမ့်ဆန်လဖက်ခြောက်စက်ရုံသို့ လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံ
(၄) ပြင်ဦးလွင် ခေါ် မေမြို့သို့ လျှပ်စစ်ဓာတ်အားပေးသည့် ၀က်ဝံဓာတ်အားပေးစက်ရုံ
(၅) မော်ချီးသတ္တုတွင်းသို့ လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံ
(၆) ထားဝယ်မြို့ ဟိန္ဒားသတ္တုတွင်းသို့ လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံ

*
ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့၏။ ၁၉၅၂ ခုနှစ်တွင် ပြည်ထောင်စုအစိုးရသည် ရေအားလျှပ်စစ်စီမံကိန်း ပြုလုပ်ရန် နေရာသုံးခု ရွေးချယ်ခဲ့၏။ ယင်းတို့မှာ -
(၁) ဆိုင်ဒင်ရေအားလျှပ်စစ်စီမံကိန်း
(၂) ပဲခူးချောင်းရေအားလျှပ်စစ်စီမံကိန်း
(၃) ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်း တို့ ဖြစ်ပါသည်။

*
ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းမှလွဲ၍ ကျန်စီမံကိန်းနှစ်ခုမှာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိပါ။

*
၁၉၅၂ ခုနှစ်တွင် လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ်(၂)ကို စတင်တည်ဆောက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဧပြီ ၁ ရက်နေ့တွင် တရားဝင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။

*
၁၉၆၀ ပြည့်နှစ် ဧပြီ ၁ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည့် လောပိတ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ၂၀၁၀ ပြည့်နှစ် ဧပြီ ၁ ရက်နေ့တွင် နှစ်(၅၀)ပြည့် ရွှေရတုအောင်ပွဲ ဆင်နွှဲခွင့်ရရှိ တော့မည်ဖြစ်သည်။

*
နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ရေအားလျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းသည် လွန်စွာ အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်။ လျှပ်စစ်စွမ်းအားပြည့်စုံမှု၊ လုံလောက်မှုရှိမှသာ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် တည်ထောင်ထားသည့် စက်မှုဇုန်ကြီးများ၏ လုပ်ငန်းများ တိုးတက်ကြီးပွားနိုင်ပေ မည်။

*
စက်မှုဇုန်ကြီးများရှိ လုပ်ငန်းများအပြင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ၌လည်း လျှပ်စစ် ကဏ္ဍမှာ အရေးပါလှသည်။ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ကျောင်းကြီးများရှိ ဓာတ်ခွဲခန်းများ၊ ကွန်ပျူတာခန်းမများ၌လည်း လျှပ်စစ်စွမ်းအင် လိုအပ်၏။

*
ဆေးရုံများ၊ ဌာနဆိုင်ရာရုံးကြီးများ၊ ဆက်သွယ်ရေးစခန်းများမှာလည်း လျှပ်စစ်စွမ်းအားပေါ် မူတည်၍ လုပ်ငန်းဆောင်ရွက်နေကြရသည်။ မြစ်ရေတင်စီမံကိန်းများ၌ လျှပ်စစ်စွမ်းအင်ကို အသုံးပြုပြီး လယ်ယာမြေ ဧကပေါင်း လေးသိန်းကျော်ကို အကျိုးပြုနိုင်ခဲ့၏။

*
ကျေးလက် မြို့ရွာ အိမ်တိုင်းလိုလိုတွင် ရုပ်မြင်သံကြားစက်၊ ဗီဒီယိုပြစက်များအတွက် မရှိမဖြစ် လိုအပ်သည့်အရာမှာ လျှပ်စစ်ဓာတ်အားပင် ဖြစ်သည်။

*
စားဝတ်နေရေးကို အထောက်အကူပြုသည့် ရေခဲသေတ္တာ၊ ပန်ကာ၊ လေအေးစက်တို့တွင် လည်းကောင်း၊ စာရေးစာဖတ်၊ ပျော်ပွဲရွှင်ပွဲစသည်တို့၌လည်းကောင်း လျှပ်စစ်စွမ်းအင် အလင်းဓာတ် အသုံးပြုမှသာ အဆင်ပြေချောမွေ့မည်ဖြစ်ပေသည်။

*
တစ်နေ့တခြား လူဦးရေတိုးတက်များပြားလာသည့် ကျွန်ုပ်တို့နိုင်ငံတွင် ဖော်ပြပါ စက်မှုလက်မှု လုပ်ငန်းများ၊ ရုံးများ၊ စက်မှုဇုန်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ မြစ်ရေတင်စီမံကိန်းများ၊ မိသားစု နေ့စဉ်အသုံးပြု လျှပ်စစ်စွမ်းအင်များကို တွက်ဆကြည့်မည်ဆိုပါက ကြောက်ခမန်းလိလိ လျှပ်စစ်မီတာ ကိန်းဂဏန်းများကို တွေ့မြင်ရပေမည်။

*
လျှပ်စစ်ဓာတ်အား စွမ်းအင် သုံးစွဲမှုမှာ ၁၀ နှစ်အတွင်းမှာပင် အဆပေါင်းများစွာ မြင့်မား တိုးတက်ခဲ့၏။ ပြည်သူလူထုနှင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်သော လျှပ်စစ် စွမ်းအင်ကို ရေအားမှ ထုတ်ယူရရှိနိုင်ရန် နိုင်ငံတော်အစိုးရသည် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့ လေသည်။

*
၁၉၆၀ ပြည့်နှစ်က ဖွင့်လှစ်ခဲ့သည့် လောပိတရေအားလျှပ်စစ်ထုတ်ယူမှုကိုလည်း တိုးတက် အောင်၊ ခိုင်မြဲအောင်၊ ထိန်းသိမ်းစောင့်ရှောက်ခဲ့၏။ ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း၊ ရွှေလီရေအား လျှပ်စစ်စီမံကိန်း စသည်ဖြင့် ရေအားလျှပ်စစ်စီမံကိန်းများစွာကို နေ့မအား၊ ညမနား တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်မှာ နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ လူထုအပေါ်ထားရှိသည့် အစိုးရ၏ စေတနာပြယုဂ်တစ်ခုပင်ဖြစ်သည်။

*
မကြာမီ ပြီးစီးတော့မည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြီးသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး သော ရေအားလျှပ်စစ်စီမံကိန်းကြီးဖြစ်ပါသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားများကို မဟာဓာတ်အားလိုင်းများနှင့်ချိတ်ဆက်၍ နိုင်ငံအတွင်း လိုအပ်သည့်နေရာများကို ပို့လွှတ်တော့မည်ဖြစ်ပါသည်။

*
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် ရှေးယခင်ကထက် အဆပေါင်း များစွာ ကြီးမားသည့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တည်ဆောက်အသုံးပြုလျက်ရှိသည်။ တည်ဆောက်ဆဲ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများ၊ တည်ဆောက်ရန် စီစဉ်လျာထားသည့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများစွာတို့ ရှိနေကြပါသည်။ နောင်အနာဂတ် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်များ ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

(၂၈.၁၁.၂၀၀၈ ရက်နေ့ထုတ် မြန့်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် အောင်ရန်နိုင်၏ "ရေအားလျှပ်စစ်နှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး" ဆောင်းပါး ဖြစ်ပါသည်။)



မြန်မာနိုင်ငံ၌ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ရေအား လျှပ်စစ် စီမံကိန်းကြီးများအနက် အကြီးမားဆုံးသော ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကြီးသို့ တစ်ခေါက်

Posted by MOEP (1)

(နေပြည်တော် နိုဝင်ဘာ ၁၁)

* မိမိတို့သတင်းအဖွဲ့သည် မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်ခန့်အကွာ ရဲ-ယမန်း ကျေးရွာအနီး ဒုဋ္ဌ၀တီမြစ် (ခေါ်) မြစ်ငယ်မြစ်ပေါ်၌ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၂)တည်ဆောက်ရေးက တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို သွားရောက်လေ့လာခဲ့ကြပါသည်။

မျက်ဝါးထင်ထင်
* စီမံကိန်းလုပ်ငန်းခွင်ကို အဝေးမှလှမ်းမြင်မိလိုက်စဉ်မှာပင် နိုင်ငံသားတစ်ဦးအနေဖြင့် များစွာ ဂုဏ်ယူပီတီဖြစ်မိပါသည်။ မိမိတို့သည် သတင်းသမားများပီပီ မြန်မာပြည် တစ်နံတစ်လျားသို့ သွားရောက်ပြီး မျက်မှောက်ခေတ် နိုင်ငံတော်၏ တည်ဆောက်ပြုပြင်ရေးစီမံကိန်းအမြောက်အမြားကို မျက်ဝါးထင်ထင် တွေ့မြင်လေ့လာခွင့် ရခဲ့ပါသည်။

* မိမိတို့လေ့လာမိသလောက် ယခု ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကြီး၏ ထုထည်ကြီးများမှုမျိုးကို မတွေ့မြင်ခဲ့ဖူးပါ။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူနေမှု ဘ၀ မြင့်မားရေးတို့အတွက် အထောက်အကူပြုမည့် စီမံကိန်းကြီးဖြစ်ပါသည်။

အကြီးမားဆုံး
* အဆိုပါ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံ၌ တည်ဆောက်ပြီး တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းကြီးများအနက် အကြီးမားဆုံးသောရေအားလျှပ်စစ်စီမံကိန်းကြီးတစ်ခုဖြစ်ကြောင်း၊ ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းတမံထုထည်သည် ကမ္ဘာပေါ်၌ တတိယအကြီးမားဆုံးဖြစ်ပြီး တမံအမြင့်သည် ကမ္ဘာပေါ်၌ ပဉ္စမအကြီးမားဆုံးဖြစ်ကြောင်း စီမံကိန်းရှိ အင်ဂျင်နီယာများက ဂုဏ်ယူစွာ ရှင်းလင်းပြောကြား ပါသည်။

ဆက်လက်ဖတ်ရှုရန်...click ပါ
ကွန်ကရစ်တမံ
* ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို အခြားစီမံကိန်းများကဲ့သို့ မြေသားတမံ၊ ကျောက်ဖြည့်တမံ တို့ဖြင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ ကွန်ကရစ်တမံ (Roller Compacted Concrete Dam) အမျိုး အစားဖြင့် တည်ဆောက်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ကွန်ကရစ်တမံ (RCC Dam) အမျိုးအစားဖြစ်ကြောင်း၊ ထို့အပြင် ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ မိုးရာသီ၌ မြစ်ရေစီးဝင်ခြင်းမှ ကာကွယ်ရန်အတွက်လည်းကောင်း၊ RCC ကွန်ကရစ်ကို ဖျော်စက်မှ တမံတည်ဆောက်မည့်နေရသြို့ သယ်ဆောင်မည့် Beltconveyor စင်များ တပ်ဆင်နိုင်ရန် လည်းကောင်း၊ စီမံကိန်းပြီးစီးပါက ဓာတ်အားပေးစက်ရုံနှင့် နီးကပ်စွာ တည်ရှိသော ရေပိုလွှဲမှ စီးကျရေများ ဓာတ်အားပေးစက်ရုံသို့ စီးဝင်ခြင်းမရှိစေရန်အတွက် လည်းကောင်း၊ ရေကာနံ (Separation Wall) တစ်ခုကိုလည်း ထည့်သွင်း တည်ဆောက်ထားကြောင်း၊ ယင်းရေကာနံရံမှာလည်း ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းတွင်သာ ပထမဦးစွာ ထည့်သွင်း တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

စုဆောင်းသိုလှောင်
* ဒုဋ္ဌ၀တီမြစ် (ခေါ်) မြစ်ငယ်မြစ်သည် စုစုပေါင်းရေဆင်းဧရိယာ စတုရန်းမိုင် ၁၀၈၉၀ ရှိပြီး နှစ်စဉ်ပျမ်းမျှ မိုးရေချိန် ၃၃ လက်မ၊ နှစ်စဉ်ပျမ်းမျှ စီးဝင်ရေ ဧက ၁၂၁ သိန်း ဧကပေရှိသဖြင့် ယင်းရေများကို အလဟဿမဖြစ်စေရန် ကန်ရေပြည့် ရေလှောင်ပမာဏ ၂၁ ဒသမ ၁၄ သိန်းဧကပေ၊ ကန်ရေသေလှောင်ပမာဏ ၁၃ ဒသမ ၀၄ သိန်းဧကပေ သိုလှောင်နိုင်ပြီး ကန်ရေပြည့်ရေပြင်ကျယ်ဧရိယာ ဧက ၁၄၅၈၀ (၂၃) စတုရန်းမိုင် ပမာဏရှိသော ရေလှောင်တမံကို အလျား ၂၂၆၈ ပေ၊ အမြင့် ၄၃၃ ပေ ရှိသော ကွန်ကရစ်တမံ (RCC Dam)တည်ဆောက်၍ မိုးတွင်းကာလတွင် မြစ်ငယ်မြစ်အတွင်း စီးဝင်သော ရေများအနက် လိုအပ်သည့် ရေပမာဏကို စုဆောင်းသိုလှောင်ထားနိုင်မည်ဖြစ်ကြောင်း၊ ပိုလျှံသောရေ များကို အကျယ် ၅၆ ပေ၊ အမြင့် ၃၉ ပေရှိသည့် ရေထွက်ပေါက် ရှစ်ပေါက်ပါရှိသော စုစုပေါင်း ၄၄၈ ပေ အကျယ်ရှိ ရေတံခါးမပါသည့် ရေပိုလွှဲမှ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပို့လွှတ်ဖြန့်ဖြူး
* ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြီး၏ ပင်မတံတည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီး စီမံကိန်း တစ်ခုလုံး၏ ၆၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းကြီး တည်ဆောက်ပြီးစီးသွားပါက ရေယူအဆောက်အအုံ (Power Intake)ရှိ အချင်း ၂၂ ပေ၊ အလျား ၄၉၂ ပေ ရှိသည့် ဖိအားမြှင့် သံမဏိပိုက်လုံး လေးလုံးမှတစ်ဆင့် ရေလှောင်တမံမှ ရေကို စက်တစ်လုံးလျှင် စက်တပ်ဆင်အင်အား ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်အင်အား ရှိသည့် ဖရန်စစ်တာဘိုင်အမျိုးအစား ဓာတ်အားပေးစက် လေးလုံးသို့ ပို့လွှတ်ကာ စုစုပေါင်းစက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ မှ လျှပ်စစ် ဓာတ်အား နှစ်စဉ်ပျမ်းမျှ ကီလိုဝပ်နာရီသန်းပေါင်း ၃၅၅၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ လျှပ်စစ်ဓာတ်အားများကို ကေဗွီ ၂၃၀ ရှိသည့် လယ်ဝေး၊ မိတ္ထီလာ၊ သာစည် တိုးချဲ့ ဓာတ်အားခွဲရုံမှ တစ်ဆင့် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ကာ ပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စွမ်းအင်တစ်ရပ်
* ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတော်က ငွေကြေးအမြောက်အမြားကျခံသုံးစွဲကာ အချိန်ယူပြီး နှစ်ရှည်စီမံကိန်းအဖြစ် ၀န်ထမ်းအင်အားများစွာ သုံးစွဲ၍ အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် လျှပ်စစ်စွမ်းအားသည် အဓိကျသော ကဏ္ဍမှ ပါဝင်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့အတွက် မရှိမဖြစ် လိုအပ်သော စွမ်းအင်တစ်ရပ်ပင် မဟုတ်ပါလား။

(၁၂.၁၁.၂၀၀၈ ရက်နေ့ထုတ် မြန့်မာ့အလင်း သတင်းစာပါ သတင်းဆောင်းပါး - မောင်မောင်ထွေး (သတင်းစဉ်)၏ "မြန်မာနိုင်ငံ၌ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ရေအား လျှပ်စစ် စီမံကိန်းကြီးများအနက် အကြီးမားဆုံးသော ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကြီးသို့ တစ်ခေါက်" ဆောင်းပါး ဖြစ်ပါသည်။)



မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရေအားလျှပ်စစ် စီမံကိန်း တစ်ခု ဖြစ်သည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်း အရှိန်အဟုန်မြှင့် တည် ဆောက်လျက်ရှိ

Posted by MOEP (1)

(ရန်ကုန် အောက်တိုဘာ ၈)


* ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် လျှပ်စစ်စွမ်းအားသည် အဓိကကျသောကဏ္ဍမှ ပါဝင်လျက်ရှိပြီး နိုင်ငံတော်နှင့် ပြည်သူတို့အတွက် မရှိမဖြစ်လိုအပ်သော စွမ်းအင် တစ်ရပ်ဖြစ်သည်။
ရေအရင်းအမြစ်
* မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် နိုင်ငံတော်အကြီးအကဲ များ၏ လမ်းညွှန်ချက်နှင့်အညီ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မြန်မာပြည်တစ်လွှား တောင်ပေါ်၊ မြေပြန့် ခြေဆန့်ကာ ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော ရေအရင်းအမြစ်များကို အခြေခံ၍ အရင်းအနှီးများပြီး နှစ်ရှည်လများ တည်ဆောက်ရသော အလတ်စားနှင့်အကြီးစား ရေအားလျှပ်စစ်စီမံကိန်းများကို နေ့မအား ညမနား အရှိန်အဟုန်မြှင့်၍ နိုင်ငံတစ်ဝန်း ကြိုးပမ်း တည်ဆောက်လျက်ရှိသည်။
တမံထုထည်

* ထိုသို့ တည်ဆောက်လျှက်ရှိသော ရေအားလျှပ်စစ်စီမံကိန်းများအနက် မန္တလေးတိုင်းအတွင်း တည်ဆောက်အကောင်အထည်ဖော်လျှက်ရှိသော ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှာ မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်းတစ်ခု ဖြစ်သကဲ့သို့ ၂၀၀၅ ခုနှစ်၊ စစ်တမ်းအရ ရဲရွာရေအား လျှပ်စစ်စီမံကိန်းတွင် တည်ဆောက်နေသည့် တမံထုထည်သည် ကမ္ဘာပေါ်၌ တတိယအကြီးဆုံးနှင့် တမံအမြင့်မှာ ပဉ္စမနေရာတွင် ရှိကြောင်း ဂုဏ်ယူဝံ့ကြွားဖွယ်ရာ သိရသည်။
အများဆုံး
* တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများတွင် ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် လျှပ်စစ်ဓာတ်အား အများဆုံး ထုတ်လုပ်ပေးမည့် စီမံကိန်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်...click ပါ
ထူးခြားချက်

* ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် အခြားရေအားလျှပ်စစ်စီမံကိန်းများနှင့်မတူ တစ်မူထူးခြား သော စီမံကိန်းဖြစ်သည်။ စီမံကိန်း၏ ထူးခြားချက်မှာ ရေလှောင်တမံသည် အခြားစီမံကိန်းများကဲ့သို့ မြေသားတမံ၊ ကျောက်ဖြည့်တမံမဟုတ်ဘဲ ကွန်ကရစ်တမံ Roller Compacted Concrete Dam (၀ါ) RCC Dam အမျိုးအစား ဖြစ်သည်။ RCC Dam ကွန်ကရစ်တမံမှာ မြန်မာနိုင်ငံတွင် ရဲရွာရေအားလျှပ်စစ် စီမံကိန်းမှ အစပြုသည်ဟုပင် ဆိုရပါမည်။

* ထို့အတူ ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ နောက်ထူးခြားချက်မှာ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ မိုးရာသီ၌ မြစ်ရေစီးဝင်ခြင်းမှ ကာကွယ်ရန်အတွက် လည်းကောင်း၊ RCC ကွန်ကရစ်ကို ဖျော်စက်မှ တမံတည်ဆောက်မည့်နေရာသို့ သယ်ဆောင်မည့် Beltconveyor စင်များ တပ်ဆင်နိုင်ရန် လည်းကောင်း၊ စီမံကိန်းပြီးစီးပါက ဓာတ်အားပေးစက်ရုံနှင့် နီးကပ်စွာ တည်ရှိသော ရေပိုလွှဲမှ စီးကျရေများ ဓာတ်အားပေးစက်ရုံသို့ စီးဝင်ခြင်းမရှိစေရန်အတွက် လည်းကောင်း ရည်ရွယ်၍ အလျား ၅၆၈ ပေ၊ အနံ ပေ ၅၀နှင့် အမြင့် ၁၂၁ ပေရှိ ရေကာနံရံ Separation Wall တစ်ခုကိုလည်း ထည့်သွင်း တည်ဆောက်ထားကြောင်း သိရသည်။

* အဆိုပါ ရေကာနံရံမှာလည်း ရဲရွာရေအားလျှပ်စစ်စီမံကိန်းတွင်သာ ပထမဦးစွာ ထည့်သွင်း တည်ဆောက်ခြင်း ဖြစ်ပေသည်။
ဝိသေသများ
* ထိုသို့ ထူးခြားသော ၀ိသေသများပါရှိသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို မန္တလေးတိုင်း၊ မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်ခန့်အကွာ ရဲယမန်းရွာအနီး မြစ်ငယ်မြစ်ပေါ်တွင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂) တည်ဆောက်ရေးမှ တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသည်။
ရေပမာဏ
* မြစ်ငယ်မြစ်၏ ရေဆင်းဧရိယာမှာ စတုရန်းမိုင် ၁၀၈၉၀ ရှိပြီး နှစ်စဉ်ပျမ်းမျှ မိုးရေချိန် ၃၃ လက်မ (မန္တလေးစခန်း)၊ နှစ်စဉ်ပျမ်းမျှ စီးဝင်ရေ ၁၂၁ သိန်း ဧကပေရှိရာ အဆိုပါရေများကို အလဟသ မဖြစ်စေရန်အတွက် ကန်ရေပြည့်ရေလှောင်ပမာဏ ၂၁ ဒသမ ၁၄ သိန်း ဧကပေ၊ ကန်ရေသေ ရေလှောင်ပမာဏ ၁၃ ဒသမ ၀၄ သိန်း ဧကပေ သိုလှောင်နိုင်ပြီး ကန်ရေပြည့်ရေပြင်ကျယ် ဧရိယာ ၁၄၅၈၀ ဧက ၂၃ စတုရန်းမိုင် ပမာဏရှိ ရေလှောင်တမံကို အလျား ၂၂၆၄ ပေ၊ ရေလှောင်တမံအမြင့် ၄၃၃ ပေရှိ ကွန်ကရစ်တမံ Roller Compacted Concrete Dam တည်ဆောက်ပြီး မိုးတွင်းကာလ (မိုးရာသီ)တွင် မြစ်ငယ်မြစ်အတွင်း စီးဝင်သမျှရေများကို “စီးတဲ့ရေ ဆယ်တဲ့ရေလှောင်တမံ” ဆိုသကဲ့သို့ လိုအပ်သမျှ ရေပမာဏကို စုဆောင်းသိုလှောင်ထားမည်ဖြစ်သည်။

* အသုံးမလို၍ ပိုလျှံသော ရေများကို အကျယ် ၅၆ ပေ၊ အမြင့် ၃၉ ပေရှိ ရေထွက်ပေါက် ရှစ်ပေါက်ပါရှိသော စုစုပေါင်း ၄၄၈ ပေ အကျယ်ရှိ ရေတံခါးမပါသော ရေပိုလွှဲ (Ogeetype, Ungated)မှ ရေထုတ်လွှတ်သွားမည်ဟု သိရသည်။

* ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်း ဖြစ်သကဲ့သို့ စီမံကိန်းလုပ်ငန်းများ လုပ်ငန်းဆောင်ရွက်ရာ၌လည်း နိုင်ငံတော်က ငွေကြေး အမြောက်အမြား ကျခံသုံးစွဲခဲ့ပြီး အချိန်ယူ၍ နှစ်ရှည်စီမံကိန်းအဖြစ် ၀န်ထမ်းအင်အားများစွာ သုံးစွဲ၍ အင်တိုက်အားတိုက် စွမ်းစွမ်းတမံဆောင်ရွက်နေသော နိုင်ငံတော်၏ စီမံကိန်းကြီးတစ်ခုဖြစ်သည်။

* ဆိုရပါမူ နိုင်ငံတော်မှ အချိန်၊ ငွေ၊ လုပ်အားများစွာ ရင်းနှီးမြှုပ်နှံရသော စီမံကိန်းကြီး တစ်ခုပါပေ။ နိုင်ငံ့အကြီးအကဲများအနေဖြင့် နိုင်ငံအတွက် အားထားရမည့် (၀ါ) နိုင်ငံအတွက် အကျိုးပြုမည့် ဤစီမံကိန်းကြီးကို အချိန်နှင့် တစ်ပြေးညီ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား အမြန် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ငွေအင်အား၊ စက်ယန္တရားနှင့် စက်သုံးဆီ အပါအ၀င် လုပ်ငန်းသုံး ပစ္စည်းများကို လိုအပ်ချက်မရှိစေရန် ဂရုတစိုက် ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိပေသည်။
ရုပ်လုံးပေါ်လာ
* ထို့အတူ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိသူများ ကလည်း ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့ အိမ်ဦးနှင့်ကြမ်းပြင် အခါမလပ် ၀င်ရောက်၍ အနီးကပ် ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းပေးလျက်ရှိခြင်းကြောင့် စီမံကိန်းလုပ်ငန်းများ သိသိသာသာ တိုးတက်၍ ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။
* စီမံကိန်းလုပ်ငန်းများ တည်ဆောက်ပြီးစီးပါက ရေယူအဆောက်အအုံ (Power Intake)ရှိ အချင်း ၂၂ ပေ၊ အလျား ၄၉၂ ပေရှိ ဖိအားမြှင့် သံမဏိပိုက်လိုင်း လေးလုံးမှ တစ်ဆင့် ရေလှောင်တမံမှ ရေကို တပ်ဆင်အင်အား စက်တစ်လုံးလျှင် ၁၉၇ ဒသမ ၅ မဂ္ဂါဝပ် အင်အားရှိ ဖရန်စစ်တာဘိုင် အမျိုးအစား ဓာတ်အားပေးစက် လေးလုံးသို့ ပို့လွှတ်ကာ ရေတွန်းအားဖြင့် စက်များ မောင်းနှင်၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသွားမည် ဖြစ်သည်။
ဓာတ်အားပေးစက် လေးလုံး၊ စုစုပေါင်း စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ မှ နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၅၅၀ ခန့် ထုတ်လုပ်ဖြန့်ဖြူးပေးသွားမည့် စီမံကိန်းကြီး တစ်ခုဖြစ်ပါကြောင်း သတင်းမြင်ကွင်း ရေးသားဖော်ပြလိုက်ရပါသည်။

(၂၀၀၈ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှ ထုတ်နှုတ် ဖော်ပြပါသည်။)



တီကျစ်ကျောက်မီးသွေးပြာနှင့်အင်းလေးကန်

Posted by MOEP (1)

* အင်းလေးကန် မိုင်(၂၀)၀န်းကျင်တွင်ရှိသော ပင်လောင်းမြို့နယ် နောင်တရားမြို့ တီကျစ်ကျေးရွာရှိ ကျောက်မီးသွေးသုံး ရေနွေးငွေ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော ကျောက်မီးသွေးပြာ (Fly Ash) ဟုအသိများ​သော​ လောင်ကျွမ်းပြီး ကျောက်မီးသွေးပြာမှုန့် (Plnverized Fly Ash)သည် လျှပ်စစ်စွမ်းအင် ရရှိရန် အသုံးပြုသော မြေဆန်သည့် ကျောက်မီးသွေး လောင်ကျွမ်းခြင်းမှ ရရှိသော ပြာကြွင်း ဖြစ်သည်။ ထို့ပြင် ဘိလပ်မြေဆန်သော ဂုဏ်သတ္တိ (Cementitious Properties) ရှိကြောင်း လည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခဲ့သည်။

* တီကျစ်ဒေသထွက် ကျောက်မီးသွေးပြာအား လက်တွေ့အသုံးပြုလျက်ရှိရာ ပင်လောင်းမြို့နယ် စည်ပင် သာယာရေး အဖွဲ့တွင် အမာခံရှိပြီးဖြစ်သည့် ဈေးအတွင်းလမ်းကို ကျောက်မီးသွေးပြာနှင့် ဖြုန်းသဲ ရောစပ်ပြီး ၁း၆ အချိုးဖြင့် လမ်းခင်းထားသည်ကို တွေ့ရသည်။


* နောင်တရားမြို့ စည်ပင်သာယာရေးအဖွဲ့ အဝင်လမ်းကို ကျောက်မီးသွေးပြာနှင့် ဖြုန်းသဲ ၁း၅ ဖြင့် လမ်းခင်းဆောင်ရွက်ခဲ့သည်။ တီကျစ်ဒေသရှိ ဒေသခံတပ်ရင်း နှစ်ရင်းတွင်လည်း တပ်တွင်း လမ်းများ ကိုလည်း ကျောက်မီးသွေးပြာတစ်ဆ ဖြုန်းသဲသုံးဆ ရောစပ်ပြီး ခြောက်ဘက်မထု ခင်းထားသော လမ်းအဖြစ် အသုံးပြုခင်းထားသည်ကို တွေ့ရသည်။ ထို့အပြင် အောင်ပန်းမြို့ ပစ္စုပ္ပန် ဓမ္မရိပ်သာ ဘုန်းကြီးကျောင်း ဝင်လမ်းလည်း ကျောက်မီးသွေးပြာ တစ်ဆ၊ ဖြုန်းသဲ ခြောက်ဆတို့ ဖြင့် ရောစပ် ခင်းထားပြီး မျက်နှာပြင်အား ဘိလပ်မြေနှင့် ဖြုန်းမှုန့် ရောစပ်အသုံးပြုထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်...click ပါ
* ပြည့်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အောင်ပန်း-ပင်လောင်း လမ်းအပိုင်းရှိ ချိုင့်ခွက်များတွင် (တစိလက်မ-နှစ်လက်မ) ကျောက်များအောက်မှ ဖြည့်ပြီး (Fly Ash) နှင့် ဗြုန်းသဲအား ၁း၃ အချိုးဖြင့် ဖျော်စပ်၍ လမ်းပေါက်များ ဖာထေးခဲ့သည်။

* တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် အတွင်းရှိ နေအိမ်များတွင်လည်း (Fly Ash) အသုံးပြု၍ ကွန်ကရစ် ကြမ်းခင်းခြင်း၊ အုတ်တံတိုင်း ကာရံခြင်း၊ ဘလောက်အုတ်ရိုက်ခြင်း လုပ်ငန်းများတွင် အသုံးပြု ထားကြောင်း တွေ့ရသည်။

* ၂၀၀၆ ခုနှစ်မှစ၍ ဆည်မြောင်းဦးစီးဌာနက ပုပ္ပားဒေသမှ ထွက်ရှိသော သဘာဝ ပိုဇိုလန် (Pozzoland) နှင့် တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ထွက်ရှိသော Fly Ash Pozzolan တို့အား ဘိလပ်မြေ ၄၀ ရာခိုင်နှုံးမှ ၃၀ ရာခိုင်နှုံးအထိ အစားထိုးသုံးစွဲရန် ထောက်ခံခဲ့သည်။ အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန မှလည်း ကျိုင်းတောင်း ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ရာတွင် လမ်းခင်းခြင်း နှင့် ရေမြောင်းများပြုလုပ်ရာတွင် ဘိလပ်မြေနှင့် ကျောက်မီးသွေးပြာ ရောစပ်၍ အသုံးပြုခဲ့သည်။

* ယခုအခါ တီကျစ်၊ တောင်ကြီး၊ လွိုင်ကော်နှင့် ကလောဒေသများအပြင် နေပြည်တော်၊ မိတ္ထီလာနှင့် ပြည်မြို့တို့တွင် ကျောက်မီးသွေးပြာများအား ကွန်ကရစ်လမ်းခင်းခြင်းတွင်လည်းကောင်း၊ ပန်းရံလုပ်ငန်း များတွင် လည်းကောင်း၊ ဗြုန်းအုတ် ထုတ်လုပ်ရာတွင် လည်းကောင်း ဘိလပ်မြေနှင့် ထုံးအသုံးပြုခြင်းမှ အစားထိုး သုံးစွဲခြင်းကြောင့် ကုန်ကျစရိတ် သက်သာခြင်း အကျိုးကျေးဇူးကို ရရှိနေသဖြင့် ဒေသထွက် ကျောက်မီးသွေး ပြာများအား တွင်ကျယ်စွာ အသုံးပြုနေပေပြီ။

* တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ လျှပ်စစ် ဓာတ်အားပေးစက်ရုံမှ နေ့စဉ် ကျောက်မီးသွေးပြာတန် ၁၀၀ မှ ၁၅၀ အထိ ထွက်ရှိသဖြင့် တစ်နှစ်လျှင် ကျောက်မီးသွေးပြာ တန်ချိန်ပေါင်း ၃၆၅၀၀ မှ ၅၄၇၅၀ အထိ ရရှိနိုင်သည်။ ထိုသို့ထွက်ရှိလာသော ကျောက်မီးသွေးပြာများကို အင်းလေးဒေသ မိုင် (၂၀) ဝန်းကျင်တွင် ထုံးအစားထိုး အသုံးပြုနိုင်ပါက နှစ်စဉ် ထုံးတန်ချိန် ၃၆၅၀၀ မှ ၅၄၇၅၀ အထိ လျော့ချ အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုသို့ လျော့ချ အသုံးပြုခြင်းဖြင့် တစ်နှစ်လျှင် သက်ရင့်အသားမာ သစ်ပေါင်း ၅၀၀၀ မှ ၇၅၀၀ အထိလည်းကောင်း၊ သက်တမ်းနုသစ်ပင် ၁၂၀၀၀၀ မှ ၁၈၀၀၀၀ အထိလည်းကောင်း ထုံးဖုတ်ထင်း အဖြစ် ခုတ်ယူခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

(၂၄.၇.၂၀၀၈ ရက်နေ့ထုတ် မြန့်မာ့အလင်း သတင်းစာပါ သတင်းဆောင်းပါး ရဲလင်းအောင်(အင်းလေး)၏ "အင်းလေးကန် မိုင် ၂၀ ၀န်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောများ ထိန်းသိမ်းရေးနှင့် တီကျစ်ကျောက်မီးသွေးပြာ" ဆောင်းပါးမှ ထုတ်နှုတ် ဖော်ပြပါသည်။)



previous home