အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း မြစ်ရေလွှဲပြီ

Posted by MOEP (1)

(နေပြည်တော် ဇန်န၀ါရီ ၂၁)

* နေပြည်တော် ပျဉ်းမနား၏ အရှေ့ဘက် ၂၆ မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၁) တည်ဆောက်ရေးမှ တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသော အထက်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်း၏ မြစ်ရေလွှဲခြင်းအခမ်းအနားကို လွန်ခဲ့သော ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီက အဆိုပါ စီမံကိန်းတည်ရာ၌ ကျင်းပခဲ့သည်။

တခဲနက်အားပေး

* အစီအစဉ်အရ ရှေးဦးစွာ ဧည့်သည်တော်များသည် စီမံကိန်း၏ လက်ယာဘက်ကမ်းရှိ ယာယီ မဏ္ဍပ်တွင် နေရာယူပြီးနောက် မင်္ဂလာအချိန် နံနက် ၉ နာရီတွင် စီမံကိန်းရှိ အင်ဂျင်နီယာများနှင့် ၀န်ထမ်း များက ပေါင်းလောင်းမြစ် လက်ဝဲဘက်ကမ်းနှင့် လက်ယာဘက်ကမ်းတို့မှ စက်ယန္တရားကြီးများ၊ ကျောက်သားများဖြင့် အားသွန်ခွန်စိုက် ထိုးပိတ်ကြရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များက လက်ခုပ်လက်ဝါးတီး၍ လည်းကောင်း၊ ယဉ်ကျေးမှု အကအဖွဲ့များက အိုးစည်ဒိုးပတ်များ တပျော်တပါးတီးမှုတ်ကခုန်၍ လည်းကောင်း တစ်ခဲနက် အားပေးခဲ့ ကြသည်။


ဆက်လက်ဖတ်ရှုရန်...click ပါ

အားပေးစကား

* ထို့နောက် ၀န်ကြီးနှင့်အဖွဲ့သည် ပိတ်ပြီးသွားသော ရေလွှဲတမံ လက်ယာဘက်ကမ်းမှ လက်ဝဲ ဘက်ကမ်းသို့ တမံပေါ်မှ ဖြတ်သန်းစစ်ဆေးကြည့်ရှုပြီးနောက် ၀န်ကြီးက လုပ်ငန်းဆောင်ရွက်နေကြသော စီမံကိန်းဝန်မ်းများ၊ အခမ်းအနားသို့ တက်ရောက်လာသော ဒေသခံပြည်သူများ၊ ယဉ်ကျေးမှုအကအဖွဲ့ဝင် များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။

အထိမ်းအမှတ်

* ၄င်းနောက် ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် အဖွဲ့တို့သည် ပေါင်းလောင်းမြစ်အတွင်း အမွှေး နံ့သာရည်များ ပက်ဖျန်းပေးပြီးနောက် စီမံကိန်း၏ လက်ယာဘက်ကမ်းရှိ မဏ္ဍပ်၌ စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး မြစ်ရေလွှဲခြင်း လုပ်ငန်း အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရောင်စုံမိုးပျံပူဖောင်းများ လွှတင်ကာ ရေလွှဲဥမင် (အ၀င်) ပိုင်းရှိ ပေါင်းလောင်းမြစ်အတွင်းသို့ ရွှေဘောလုံး၊ ငွေဘောလုံးနှင့် ရောင်စုံဘောလုံးများ ရေထဲမျှောချ ခဲ့ကြသည်။

* ၄င်းနောက် ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိသူများသည် (EL- 378)ရှုရပ်မှနေ၍ ယာယီ ရေလွှဲတမံထိုးပိတ်ပြီးစီးမှု၊ ပင်မတမံတည်ဆောက်မည့်နေရာ၊ ရေယူအဆောက်အအုံတည်ဆောက်မည့် နေရာ၊ ဓာတ်အားပေးစက်ရုံတည်ဆောက်မည့်နေရာနှင့် ဆွဒ်ယာဒ် တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးခဲ့သည်။

စီမံကိန်းလုပ်ငန်း

* အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း၌ ထိုသို့မြစ်ရေလွှဲရခြင်းမှာ စီမံကိန်းလုပ်ငန်းများ ဖြစ်သော ပင်မတမံအောက်ခြေ မြေကြီးကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် မြေကြီးကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ရေယူအဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်း၊ ဆွဒ်ယာဒ်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေတားနံရံတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ပေါင်းလောင်း မြစ်အတွင်း လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်၍ အဆိုပါလုပ်ငန်းများ ဆောင်ရွက်မည့် နေရာတွင် ရေ၀င်ရောက်မှုမရှိစေရန်အတွက် လုပ်ငန်းခွင် ဧရိယာ၏ အထက်ပိုင်းပေါင်းလောင်းကြီး၊ ပေါင်းလောင်း ငယ် မြစ်ငယ်နှစ်သွယ်တို့ ပေါင်းဆုံရာ နေရာမှာ ပေါင်းလောင်းမြစ်ကို ယာယီပိတ်၍ မြစ်ရေလွှဲထားသော နေရာသို့ ဖြတ်သန်းစီးဆင်းမည့် ရေများကို အချင်း ၃၃ ပေ၊ အလျားပေ ၉၆၀ ရှိ ရေလွှဲဥမင်ဖောက်လုပ်ကာ ပေါင်းလောင်းမြစ်ရေလမ်းကြောင်းကို ယာယီလွှဲပြောင်းစီးဆင်းစေခြင်းဖြစ်သည်။

* ထိုသို့ မြစ်ရေလွှဲပြီးနောက် မြစ်ရေလွှဲထားသော မူလနေရာ (ပေါင်းလောင်းမြစ်အတွင်း)တွင် ကျန်ရှိနေသော ရေများကို ကုန်စင်အောင် စုပ်ထုတ်ပြီးမှ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပေသည်။

သိုလှောင်မည်

* တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပါက ယာယီမြစ်ရေလွှဲထားသော ရေလွှဲဥမင်ကို ရေလွှဲဥမင်အပေါ်တွင် တပ်ဆင်ထားသော ရေတံခါးနှစ်ချပ်ဖြင့် ပိတ်၍ ယာယီရေတားတမံကို ပြန်လည် တူးဖော်ကာ မူလပေါင်းလောင်းမြစ်ကြောင်းအတိုင်း အထက်ပေါင်းလောင်းစီမံကိန်းရှိ ရေလှောင်တမံ အတွင်း မြစ်ရေစီးဝင်သိုလှောင်မည်ဖြစ်ပါကြောင်း ကွင်းဆင်းလေ့လာ တင်ပြလိုက်ရပါကြောင်း။



Print this post
Next previous home