အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း၏ မြစ်ရေလွှဲခြင်း အခမ်းအနား ကျင်းပ

Posted by MOEP (1)

(နေပြည်တော် ဒီဇင်ဘာ ၇)


* အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် ဒီဇင်ဘာ ၅ ရက်တွင် အမှတ်(၁) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း၏ မြစ်ရေလွှဲခြင်း အခမ်းအနားကို တက်ရောက်ရာ ရှေးဦးစွာ မင်္ဂလာအချိန်တွင် ပေါင်းလောင်းမြစ် ၀ဲဘက်ကမ်းနှင့် ယာဘက်ကမ်းတို့မှ စက်ယန္တရားကြီးများ အသုံးပြု၍ ယာယီရေလွှဲတမံကို မြေကြီးများ၊ ကျောက်သားများဖြင့် အားသွန်ခွန်စိုက် ထိုးပိတ်ကြသည်။

နှုတ်ဆက်
* ထို့နောက်ဝန်ကြီးသည် လက်ယာဘက်ကမ်းမှတစ်ဆင့် လက်ဝဲဘက်ကမ်းသို့ ဖြတ်သန်း၍ ယာယီ ရေလွှဲတမံကို ကြည့်ရှုစစ်ဆေးပြီး အခမ်းအနားသို့ တက်ရောက်အားပေးကြသော ဒေသခံကျေးရွာ များမှ တိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ကြည့်ရှုစစ်ဆေး
* ယင်းနောက် ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် စီမံကိန်း လုပ်ငန်းခွင်အတွင်းရှိ ၀န်ထမ်း များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး (EL-378) ရှုရပ်မှနေ၍ ယာယီရေလွှဲတမံ ထိုးပိတ်ပြီးစီးမှုနှင့် ပင်မတမံ တည်ဆောက်မည့်နေရာ၊ ရေယူအဆောက်အအုံ တည်ဆောက်မည့်နေရာ၊ ဓါတ်အားပေးစက်ရုံ တည်ဆောက်မည့် နေရာနှင့် ဆွဒ်ယာဒ်တည်ဆောက်မည့် နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

* ဆက်လက်၍ ၀န်ကြီးသည် ကျောက်စုပုံကွင်းနေရာ၊ ကျောက်မိုင်းနေရာ၊ Hi-Tech ကုမ္ပဏီ၏ Batching Plant တည်ဆောက်မည့် နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

* အဆိုပါ အထက်ပေါင်းလောင်း စီမံကိန်း၏ တမံအမျိုးအစားမှာ RCC ကွန်ကရစ်တမံ အမျိုးအစားဖြစ်ပြီး စီမံကိန်းပြီးစီးပါက မဂ္ဂါဝပ် ၇၀ ရှိ ဖရန့်စစ်တာဘိုင် စက်နှစ်လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၄၀ မှ တစ်နှစ်လျှင် ပျမ်းမျှ ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၄၅၄ သန်းခန့် ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ကာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၂၈ ဒသမ ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။


Print this post
Next previous home