ဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်း ရဲရွာရေအားလျှပ်စစ် စီမံကိန်း ကြည့်ရှု စစ်ဆေး

Posted by MOEP (1)

(နေပြည်တော်၊ စက်တင်ဘာလ ၄)

* အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် တာဝန်ရှိသူများ လိုက်ပါ၍ စက်တင်ဘာ ၂ ရက်တွင် မန္တလေးမြို့၏ အရှေ့တောင်ဘက် (၃၁)မိုင်အကွာ ရဲ-ယမန်းရွာ အနီးရှိ မြစ်ငယ်မြစ်ပေါ်တွင် အမှတ်(၂)တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော “ရဲရွာ”ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိပြီး လက်ဝဲဘက်ကမ်းရှိ EL-197 ရှုရပ်မှနေ၍ ပင်မတမံ R.C.C (Stage-12) ကွန်ကရစ်လောင်းနေမှုနှင့် ဓါတ်အားပေးစက်ရုံ တည်ဆောက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

* ထို့နောက် ၀န်ကြီးနှင့် အဖွဲ့သည် ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းခွင် အတွင်း Lower Bend Penstock ပိုက်လိုင်း Unit (1) နှင့် (2) ကွန်ကရစ်လောင်းပြီးစီးမှုနှင့် Machine Bay Unit (1) နှင့် (2) ကွန်ကရစ်လောင်းပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ Bottom Outlet Gate Chamber များ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် Switch Yard တည်ဆောက်ရန် မြေနေရာ ရွေးချယ်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


* ယင်းနောက် ၀န်ကြီးက စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူတို့၏ ရှင်းလင်းတင်ပြချက် များအပေါ် တည်ဆောက်လျက်ရှိသော ရေအားလျှပ်စစ်စီမံကိန်းများ၏ ရည်မှန်းချက်နှင့် နှစ်အလိုက်ပြီးစီး ရမည့် ကာလများ၊ လုပ်ငန်းအစီအစဉ် လိုအပ်ချက်များ၊ ရဲရွာစီမံကိန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းများကို သတ်မှတ်ပေးထားသော အချိန်ကာလအတိုင်း လုပ်ငန်းတစ်ခုချင်း ပြီးစီးသွားအောင် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရေး၊ စံချိန်စံညွှန်း ပြည့်မီရေးနှင့် အရည်အသွေး ကြပ်မတ်စစ်ဆေးရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ အလေအလွင့် နည်းပါးရေးနှင့် ခြိုးခြံချွေတာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး တို့ကို အသေးစိတ်မှာကြားသည်။


* အဆိုပါ စီမံကိန်းသည် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ ရှိပြီး နှစ်စဉ် ပျမ်းမျှ လျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၅၅၀ သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် R.C.C တမံ တည်ဆောက်မှုမှာ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး စီမံကိန်းတစ်ခုလုံးမှာ ၆၄ ဒသမ ၄၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။


Print this post
Next previous home