နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ရဲရွာရေအားလျှပ်စစ် စီမံကိန်း ကြည့်ရှုစစ်ဆေး တာဘိုင်အမှတ်(၁)မှ ဓာတ်အားစမ်းသပ်ထုတ်လုပ် ကျန်ရှိသောလုပ်ငန်းများ သတ်မှတ်ချိန်ပြီးစီးရေး မှာကြား

Posted by MOEP (1)

(နေပြည်တော် ဖေဖော်ဝါရီ ၂၂၊ ၂၀၁၀ခုနှစ်)
  • နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးသာအေး၊ အစိုးရအဖွဲ့အဖွဲ့ဝင်ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ၂နာရီတွင် နေပြည်တော်မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြရာ မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁မိုင်အကွာ မြစ်ငယ်မြစ်ပေါ်၌ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာန အမှတ်(၂)တည်ဆောက်ရေးက တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ရဲရွာရေအားလျှပ်စစ် စီမံကိန်းသို့ ရောက်ရှိသည်။
  • နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြသည်။
  • ရှေးဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်အား စီမံကိန်းရှင်းလင်းဆောင်၌ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ပင်မတမံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေလွှဲဥမင်လိုဏ်(၁)နှင့်(၂) တည်ဆောက်ခြင်း လုပ်ငန်း၊ ရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေယူအဆောက်အအုံ လုပ်ငန်း၊ Switchyard လုပ်ငန်းနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးပြီဖြစ်ပါကြောင်း၊ ယခုအခါ တာဘိုင်အမှတ်(၁)မှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လုပ်လျက်ရှိပါကြောင်း၊ ကျန်တာဘိုင် သုံးလုံးကိုလည်း ဆက်လက် တပ်ဆင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်း တင်ပြသည်။
  • ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရဲရွာရေအား လျှပ်စစ်စီမံကိန်းပုံစံငယ်ကို ကြည့်ရှုကြပြီး စီမံကိန်းရှင်းလင်းဆောင်ရှုရပ်မှနေ၍ ပင်မကွန်ကရစ်တမံနှင့် စီမံကိန်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးကြသည်။
  • ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိကြပြီး တာဘိုင်အမှတ်(၁)မှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လွှတ်နေမှု၊ ကျန်ရှိနေသော ဂျင်နရေတာများ၏ စက်အစိတ်အပိုင်းများတပ်ဆင်ရန် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးကြသည်။
  • ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဘိုင်အမှတ်(၁) လျှပ်စစ်ဓာတ်အားပေးစက်မှ လည်ပတ်၍ ထွက်ရှိလာသောရေကို စက်ရုံရေထုတ်မြောင်းမှတစ်ဆင့် ဒုဋ္ဌ၀တီမြစ်အတွင်းသို့ ထုတ်လွှတ်မှု အခြေအနေကိုကြည့်ရှုစစ်ဆေးသည်။
  • ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ပင်မကွန်ကရစ်တမံပေါ်သို့ ရောက်ရှိကြပြီး ရှုရပ်မှ ရေလှောင်တမံအတွင်း ရေသိုလှောင်မှု အခြေအနေ၊ စက်ရုံရေထုတ်မြောင်းနှင့် စီမံကိန်းလုပ်ငန်းခွင်တစ်ခုလုံးကို ထပ်မံကြည့်ရှု စစ်ဆေးကြသည်။

Print this post
Next previous home