လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်ပေးမည့် နေပြည်တော် ပျဉ်းမနားမှ နန်ချို ရေအားလျှပ်စစ် စီမံကိန်း

Posted by MOEP (1)

* နိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံအတွင်း ပေါများကြွယ်ဝလျက်ရှိသော ရေအရင်းအမြစ်များမှ ရေအား လျှပ်စစ် ထုတ်ယူပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက် အကောင်အထည် ဖော်ရာတွင် အဓိက ပါဝင်ဆောင်ရွက်ရန် ဟူသော ဦးတည်ချက်နှင့်အညီ ရေအားလျှပ်စစ် စီမံကိန်းများကို နိုင်ငံတော်က ဒေသအနှံ့တွင် အကောင်အထည်ဖော်လျက်ရှိသည်။ အကောင်အထည်ဖော်လျက်ရှိသော ရေအားလျှပ်စစ် စီမံကိန်းများတွင် နေပြည်တော် ပျဉ်းမနား အရှေ့ဘက်၌ တည်ဆောက်နေသော နန်ချို ရေအားလျှပ်စစ်စီမံကိန်းတစ်ခု ပါဝင်သည်။

* နန်ချို ရေအားလျှပ်စစ် စီမံကိန်းနယ်မြေသို့ ဦးစီးအရာရှိ ဦးသက်ထွန်းနှင့်အတူ အရှေ့ရိုးမတောင်စွယ် တောင်ကြားကို ကွေ့ပတ်ကျော်ဖြတ်သွားရောက်ခဲ့ရာ စိမ်းစို သာယာနေသောသစ်တောများ အလွန်တွင် နန်ချို ရေအားလျှပ်စစ် စီမံကိန်းဧရိယာသို့ ရောက်ရှိသည်။

* နန်ချို ရေအားလျှပ်စစ် စီမံကိန်းသည် နေပြည်တော် ပျဉ်းမနား အရှေ့ဘက် ၁၆ မိုင်ခန့်အကွာ ပေါင်းလောင်း မြစ် အတွင်းသို့ စီးဝင်သော နန်ချို ချောင်းဆုံနေရာ၏ အထက်ဘက် ခုနှစ်မိုင်ခန့် အကွာတွင် တည်ရှိသည်။

* နန်ချို ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရခြင်း ရည်ရွည်ချက်သည် တည်ဆောက်ပြီးသော ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း၏ အထက်ဘက် ပေါင်းလောင်း မြစ်အတွင်းသို့ စီးဝင်သော နန်ချိုချောင်းမှ ရေအားလျှပ်စစ် ထုတ်ယူခြင်းဖြင့် လက်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ၏ နှစ်စဉ်လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု တိုးတက်စေကာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်း ပေးရန်ဖြစ်သည်။

* နန်ချိုချောင်းသည် ရေစီးကောင်းပြီး ကရင်ပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်မှ စီးဆင်းလာကာ ပေါင်းလောင်းမြစ်ထဲသို့ စီးဝင်သည်။ စလူချောင်း၊ ဆောင်တောင်ချောင်းနှင့် စရစ်ချောင်းများကလည်း စီးဝင်ကြသည်။ နန်ချို ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ အချက်အလက်များကို လက်ထောက် ညွှန်ကြားရေးမှူး ဦးလင်းနိုင်အေး (တည်ဆောက်ရေး-၁)က ရှင်းလင်းပြသသည်။ ထို့နောက် ဦးစီးအရာရှိ ဦးသက်ထွန်းနှင့်အတူ ကွင်းဆင်းလေ့လာခဲ့သည်။

* နန်ချို ရေအားလျှပ်စစ် စီမံကိန်းကာလအတွင်း အသုံးပြုရန်အတွက် ဆောင်တောင်ချောင်းပေါ်တွင် ကီလိုဝပ် ၆၀ ရရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခဲ့ရာ စီမံကိန်းဧရိယာနှင့် ၀န်ထမ်းအိမ်ရာများ လျှပ်စစ်ဓာတ်အားများ ရရှိခဲ့သည်။ နန်ချို ရေအားလျှပ်စစ်စီမံကိန်းတွင် တည်ဆောက်မည့် ရေလှောင်တမံသည် တောင့်တင်းခိုင်မာသော ကွန်ကရစ်တမံ (EVE) (Over Flow Type) အမျိုးအစား ဖြစ်သည်။

* ရေယူအဆောက်အအုံမှ ရေထိန်းကန်သို့ အလျားပေ ၇၃၃၀ နှင့် အချင်း ၁၅ ဒသမ ၅ ပေရှိ ရေသွယ်ဥမင်လိုဏ်ဖြင့် ရေသွယ်ယူရာတွင် ဥမင်လိုဏ်သွားရာ လမ်းကြောင်းများ၌ စလူချောင်းက ဖြတ်သန်း စီးဆင်းလျက်ရှိနေသည်။ စလူချောင်း ၀ဲ၊ ယာ တွင် ရှိသည့် ရေသွယ်ဥမင်လိုဏ် နှစ်ခုကို အချင်း ၁၅ ဒသမ ၅ ပေနှင့် အလျား ၃၈၄ ပေရှိ ရေတံလျှောက် ပိုက်လိုင်းဖြင့် ချောင်းပေါ်တွင် တံတားတည်ဆောက်၍ ဆက်သွယ်မည်ဖြစ်သည်။ တံတားအောက်ခြေတွင် ခိုင်ခံ့သော ကွန်ကရစ်တိုင် နှစ်တိုင်ဖြင့် ထောက်ထားမည်ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် စလူချောင်း ရေစီးရေလာ မပြတ်ရှိစေပြီး သဘာဝတောတောင်များ အလှမပျက်စီးစေရန် ဖြစ်သည်။ ယခုအခါတွင် ယာယီရေတားတမံ၊ ရေလွှဲရေထုတ်ပြွန်လုပ်ငန်းများ၊ ရေထိန်းကန်များ တည်ဆောက်လျက်ရှိရာ ၂၀၁၀ ပြည့်နှစ်တွင် ပြီး တည်ဆောက်၍ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၅၂ သန်းခန့် ထုတ်လုပ်ဖြန့်ဖြူး ပေးသွားမည်ဖြစ်သည်။

* နန်ချို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ အလျားပေ ၁၄၀၊ အနံ ၈၉ ပေနှင့် အမြင့် ၉၈ ပေ ရှိပြီး ဓာတ်အားပေးစက်ရုံတွင် မဂ္ဂါဝပ် ၂၀ အင်အားရှိ ဒေါင်လိုက် ဖရန်စစ်တာဘိုင် အမျိုးအစားနှစ်လုံး တပ်ဆင်၍ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀ ထုတ်လုပ်မည်ဖြစ်သည်။ နှစ်စဉ် ပျမ်းမျှ ထုတ်လုပ်မှု ဓာတ်အားမှာ ကီလိုဝပ် နာရီသန်းပေါင်း ၁၅၂ သန်း ဖြစ်သည်။

* နန်ချို ရေအားလျှပ်စစ်စက်ရုံတွင် အလျား ၂၄၈ ပေ၊ အနံ ၁၄၁ ပေ၊ ဓာတ်အားခွဲရုံမှ တစ်ဆင့် မဟာ ဓာတ်အားလိုင်းသို့ လျှပ်စစ်ဓာတ်အားများ ဖြည့်ဆည်းပေးလွှတ်ပြီး တစ်နိုင်ငံလုံး ဖြန့်ကြက်၍ လျှပ်စစ် ဓာတ်အားများ ပို့လွှတ်မည်ဖြစ်သည်။

* နန်ချို ရေအားလျှပ်စစ်စီမံကိန်းမှ ဦးစီးအရာရှိ ဦးသက်ထွန်းက ရှင်းလင်းပြသရင်း မိမိတို့ စီမံကိန်းလုပ်ငန်းကို သတ်မှတ်ချိန်အတွင်း ပြီးစီးရန် အင်ဂျင်နီယာ ၀န်ထမ်း(မြို့ပြ) ၂၃ ဦး၊ (စက်မှု) ၂ ဦး၊ လျှပ်စစ် ၂ ဦး နှင့် အခြားအဆင့် ၀န်ထမ်း (မြို့ပြ) ၃၅ ဦး၊ (စက်မှု) ၁၀ ဦး၊ ကျွမ်းကျင်လုပ်သားပေါင်း ၁၂၀ တို့က နေ့ညမနား ကြိုးစားဆောင်ရွက်နေကြောင်း ရှင်းလင်းပြောပြသည်။

* နန်ချို ရေအားလျှပ်စစ်စီမံကိန်းကြီး အောင်မြင်စွာ ပြီးစီးပြီးနောက် လက်ရှိ ပေါင်းလောင်းရေအားလျှပ်စစ် ထုတ်လုပ်မှုကို နှစ်စဉ် လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ်မှု စွမ်းအား တိုးတက်စေသည့်အပြင် နန်ချို ရေအားလျှပ်စစ်စီမံကိန်းကလည်း နှစ်စဉ် လျှပ်စစ်ဓာတ်အားများ တိုးတက် ထုတ်လုပ်ပေးနိုင်သဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးကျေးဇူးများ ရရှိခံစားရမှာ ဖြစ်ကြောင်း ကွင်းဆင်း လေ့လာရေးသား တင်ပြလိုက်ရပါသည်။


Print this post
Next previous home