ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲရွာ ရေးအားလျှပ်စစ် စီမံကိန်း လုပ်ငန်းများ ကြည့်ရှုစစ်ဆေး လမ်းညွှန် မှာကြား

Posted by MOEP (1)

(နေပြည်တော် ဒီဇင်ဘာ ၁၃)

* နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မန္တလေးတိုင်း မန္တလေးမြို့၏ အရှေ့တောင်ဘက် မြစ်ငယ်မြစ် ပေါ်၌ တည်ဆောက် အကောင်အထည်ဖော်လျက်ရှိသည့် ရဲရွာ ရေးအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများကို ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

* နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ဉာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ် မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဗိုလ်ချုပ်လှဌေးဝင်းနှင့် ဗိုလ်ချုပ် မောင်ရှိန်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှ ပြည်နယ်နှင့်တိုင်း၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌများ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်း မန္တလေးမြို့၏ အရှေ့တောင်ဘက် ရဲ-ယမန်း ကျေးရွာအနီး၌ အကောင်အထည်ဖော်လျက်ရှိသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်...click ပါ

ရှင်းလင်းတင်ပြ
* ရှေးဦးစွာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အဖွဲ့ဝင်များအား စီမံကိန်းရှင်းလင်းဆောင်၌ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ရဲရွာရေအားလျှပ်စစ်စီမံကိန်း တည်နေရာ၊ စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၇၉၀ နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၃၅၅၀ ထုတ်လုပ် ဖြန့်ဖြူးပေးမည့် နိုင်ငံတော်၏ ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပါကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန်အတွက် မြစ်ငယ်မြစ်ပေါ်၌ ရေလှောင်တမံ အလျား ၂၂၆၄ ပေ၊ အမြင့် ၄၃၃ ပေ ကွန်ကရစ်တမံ Roller Compacted Concrete Dam ပင်မတမံ တည်ဆောက်လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပါကြောင်းဖြင့် ပဏာမ ရှင်းလင်းတင်ပြသည်။

* ဆက်လက်၍ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းက စီမံကိန်း၏ အခြားအစိတ်အပိုင်းများဖြစ်သော ရေလွှဲဥမင်လိုဏ်လုပ်ငန်းနှင့် ရေလွှဲဥမင်လိုဏ်အ၀င်အထွက် အဆောက်အအုံများ တည်ဆောက်ပြီးစီးခဲ့မှု အခြေအနေ၊ ဆက်လက်၍ ရေယူအဆောက်အအုံများ တည်ဆောက်ပြီးစီးခဲ့မှုအခြေအနေ၊ ဆက်လက်၍ ရေယူအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်း၊ ဖိအားမြှင့် သံမဏိပိုက်တပ်ဆင်ခြင်းလုပ်ငန်း၊ ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ချိန်အမီ ပြီးစီးအောင် တည်ဆောက်နေမှု အခြေအနေ၊ လာမည့် မိုးကာလမှစ၍ ရေလှောင်တမံအတွင်း ရေစတင်သိုလှောင်ရန် စီစဉ်နေမှုတို့ကို အသေးစိတ် ရှင်းလင်း တင်ပြသည်။

* ထို့နောက် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာ့လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန်းဦးက ရဲရွာရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိလာမည့် ဓါတ်အား မဂ္ဂါဝပ် ၇၉၀ ကို မဟာဓါတ်အားလိုင်းစနစ်အတွင်းသို့ ပို့လွှတ်နိုင်ရန်အတွက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော ရဲရွာ ဘယ်လင်း(ကျောက်ဆည်) ၂၃၀ ကေဗွီ ဓါတ်အားလိုင်း၊ ရဲရွာ-မိတ္ထီလာ ၂၃၀ ကေဗွီ ဓါတ်အားလိုင်းနှင့် ဘယ်လင်း-မိတ္ထီလာ ၂၃၀ ကေဗွီ ဓါတ်အားလိုင်း တည်ဆောက်သွယ်တန်းမှု အခြေအနေ၊ ဓါတ်အားခွဲရုံများ တည်ဆောက်ပြီးစီးမှု အခြေအနေ၊ဘယ်လင်း-ရွှေစာရံ ၂၃၀ကေဗွီ ဓါတ်အားလိုင်းနှင့် မိတ္ထီလာ-သာစည် ၂၃၀ ကေဗွီဓါတ်အားလိုင်းများမှ ဓာတ်အားများ ပို့လွှတ်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။

* ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံတော်၏ အကြီးစား ရေအားလျှပ်စစ်စီမံကိန်း တစ်ခုဖြစ်ကြောင်း။

ဂရုပြုလုပ်ကိုင်
* ယခုအခါ ယင်းစီမံကိန်းကြီးသည် အပြီးသတ် တည်ဆောက်မှုအပိုင်းသို့ရောက်ရှိနေပြီး ဖြစ်ရာ အစစအရာရာ သေချာသပ်ယပ်စွာ ပြီးစီးအောင် လုပ်ငန်းအဆင့် အားလုံးတိုင်းကို ဂရုပြုလုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း။

* ထို့အပြင် မြစ်ငယ်မြစ်၏ ရေအရင်းအမြစ်များကို အပြည့်အဝအကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် ဆက်လက်ကြိုးပမ်းသွားရန် လိုအပ်ကြောင်း။


စနစ်တကျဖြန့်ဖြူး
* ယခုကဲ့သို့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးသည့်အပိုင်းကို ကြိုးပမ်းတည်ဆောက်လျက် ရှိသကဲ့သို့ ထွက်ရှိလာမည့် လျှပ်စစ်ဓါတ်အားများကို သုံးစွဲသူများထံ ဖြန့်ဖြူးပေးသည့်အပိုင်းကိုလည်း ချိန်ကိုက်ပြီးစီးအောင်၊ ဓါတ်အားအလေအလွင့် အဆုံးအရှုံးမရှိ စနစ်တကျ ဖြန့်ဖြူးပေးနိုင်အောင် ကြိုးပမ်း လုပ်ဆောင်ကြရန် လိုအပ်ကြောင်းဖြင့် လမ်းညွှန်မှာကြားသည်။

* ယင်းနောက်ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် ရဲရွာရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လျက်ရှိသည့် Colenco Power Engineering Ltd, နှင့် China Gezhouba Corporation တို့မှ တာဝန်ရှိသူများအား လည်းကောင်း၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၂) တည်ဆောက်ရေး အဖွဲ့မှ ဝန်ထမ်းများအားလည်ကောင်း လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။

ရှုရပ်မှကြည့်ရှု
* ထို့နောက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် အဖွဲဝင်များသည် စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆောင်အနီးရှိရှုရပ်မှ ကြည့်ရှုကြသည်။

* ယင်းနောက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် စီမံကိန်းလုပ်ငန်းခွင်တစ်လျှောက် လှည့်လည်ကြည့် ရှုစစ်ဆေးပြီး ပင်မတမံရှုရပ်မှ ရဲရွာရေလှောင်ကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ပင်မတမံ လက်ဝဲဘက်ခြမ်း နှင့် ပင်မတမံ လက်ယာဘက်ခြမ်း RCC ကွန်ကရစ်အပြီးသတ် သွန်းလောင်းခြင်းလုပ်ငန်းများ၊ ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ စက်ရုံရေထုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း၊ ရေပိုလွှဲ တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ရာနှုန်းပြည့်ပြီးစီးတော့မည်
* ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ အဓိကတည်ဆောက်ရေးလုပ်ငန်းများအနက် ရေလွှဲဥမင်လိုဏ် အမှတ်(၁)နှင့် အမှတ်(၂) ရေလွှဲအဆောက်အအုံလုပ်ငန်းတို့မှာ ရာနှုန်းပြည့်ပြီးစီးပြီး RCC ပင်မတမံ လုပ်ငန်းမှာ ရက်ပိုင်းအတွင်း ရာနှုန်းပြည့်ပြီးစီးတော့မည်ဖြစ်ရာ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၆၇ ဒသမ ၃၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။



Print this post
Next previous home