နေပြည်တော်ပျဉ်းမနား ခေါမကျေးရွာ၌ ပေါင်းလောင်းနယ်မြေ တိုက်နယ်ဆေးရုံသစ် ဖွင့်လှစ်

Posted by MOEP (1)

နေပြည်တော် စက်တင်ဘာ ၁၈

* အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ရေအားလျှပ်စစ်တည်ဆောက်ရေး စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသော ရွှေတောင်အုပ်စု၊ အေးရှားဝေါလ်ကုမ္ပဏီနှင့် မြန်ရွှေပြည် ကုမ္ပဏီတို့ ပူးပေါင်းဆောက်လုပ်လှူဒါန်းသည့် ပေါင်းလောင်းနယ်မြေ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံသစ်ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်ပျဉ်းမနား၊ ကျည်တောင်ကန်ကျေးရွာ အုပ်စု၊ ခေါမကျေးရွာရှိ အဆိုပါ တိုက်နယ်ဆေးရုံသစ် မျက်နှာစာ၌ ကျင်းပသည်။

တက်ရောက်

* အဆိုပါတိုက်နယ်ဆေးရုံသစ် ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်၊ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ ကျန်းမာရေးဝန်ကြီး ဌာန ၀န်ကြီး ဒေါက်တာကျော်မြင့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် နယ်မြေတာဝန်ခံ ဦးသိန်းဆွေ၊ ဒုတိယ၀န်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရွှေတောင်အုပ်စု၊ အေးရှားဝေါလ်ကုမ္ပဏီ၊ မြန်ရွှေပြည်ကုမ္ပဏီတို့မှ ကုမ္ပဏီဥက္ကဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

* ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် နယ်မြေ တာဝန်ခံ ဦးသိန်းဆွေက တိုက်နယ်ဆေးရုံသစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တိုင်းမှူး၊ ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများက အမွှေးနံ့သာများဖြင့်ပက်ဖျန်းပေးကြသည်။

ဖွင့်လှစ်

* ယင်းနောက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ ကျန်းမာရေး ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာကျော်မြင့်နှင့် အေးရှားဝေါလ်ကုမ္ပဏီဥက္ကဌ ဦးထွန်းမြင့်နိုင်တို့က တိုက်နယ် ဆေးရုံဖွင့်ပွဲမုခ်ဦးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

လွှဲပြောင်းပေးအပ်

* ယင်းနောက် ရွှေတောင်အုပ်စု အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ဇော်နိုင်က တိုက်နယ်ဆေးရုံ အတွက် ဆေးရုံသုံး ခုတင်များ၊ ပရိဘောဂများ၊ ဆေးရုံသုံး ပစ္စည်းများ၊ ဆေးဝါးများနှင့် စပ်လျဉ်းသော စာရွက်စာတမ်းများကို လည်းကောင်း၊ မြန်ရွှေပြည်ကုမ္ပဏီ ဥက္ကဌ ဦးခင်မောင်ဝင်းက တိုက်နယ်ဆေးရုံ အဆောက်အဦးနှင့် စပ်လျဉ်းသော စာရွက်စာတမ်းများကိုလည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းမြင့်ထံ လွှဲပြောင်းပေးအပ်ကြသည်။ထို့နောက် တိုင်းမှူး၊ ၀န်ကြီးများနှင့် တာဝန်ရှိသူများက တိုက်နယ်ဆေးရုံသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဆောက်လုပ်ပြီးစီး

* ယနေ့ဖွင့်လှစ်သော ပေါင်းလောင်းနယ်မြေ တိုက်နယ်ဆေးရုံသစ်သည် ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းမှ ၀န်ထမ်းများနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာ (၂၄)ရွာမှ ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး အဆိုပါ (၁၆)ခုတင်ဆံ့ တိုက်နယ်ပြည်သူ့ ဆေးရုံကို ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်တည်ဆောက်ခဲ့ပြီး မေလတွင် ဆောက်လုပ်ပြီးစီးကြောင်း သိရသည်။

Print this post
Next previous home