ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းနှင့် အထက် ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Posted by MOEP (1)

(နေပြည်တော် ဧပြီ ၂၁၊ ၂၀၁၀ခုနှစ်)



* နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဧပြီ ၁၆ ရက်က ရတနာသိင်္ဃတံတား တည်ဆောက်ရေးစီမံကိန်း၊ ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်းနှင့် အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

* နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် နံနက် ၉နာရီ ၁၅မိနစ်တွင် ရဟတ်ယာဉ်များဖြင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျောက်မြောင်းဘက်ကမ်း နွယ်ငြိမ်းကျေးရွာရှိ ရတနာသိင်္ဃတံတား တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိသည်။

* နိုင်ငံတော်အကြီးအကဲနှင့် အဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နွယ်ငြိမ်းကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ၊ ယိမ်းအကအဖွဲ့ဝင်များက လှိုက်လှဲစွာကြိုဆိုကြသည်။

* ထို့နောက် ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့ဝင်များသည် ရတနာသိင်္ဃတံတား တည်ဆောက်ရေးစီမံကိန်း ကျောက်မြောင်းဘက်ကမ်း စီမံကိန်းရှင်းလင်းဆောင်အနီးရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည့် ရတနာသိင်္ဃတံတား တည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည်။

* ထို့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တံတားအူကြောင်းနှင့် ချဉ်းကပ်လမ်းအူကြောင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

* ယင်းနောက် စီမံကိန်းရှင်းလင်းဆောင်၌ ဗိုလ်ချုပ်မှူးကြီးအား ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်က ရတနာသိင်္ဃတံတားနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

* ထို့နောက် စီမံကိန်းရှင်းလင်းဆောင်၌ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်၊ ပင်မတမံတည်ဆောက်ရန် မြေနေရာများ စူးစမ်းရှာဖွေတိုင်းတာခဲ့မှု၊ ရွှေလီမြစ်ပေါ်၌ တည်ဆောက်ပြီးသော ရွှေလီ(၁)ရေအားလျှပ်စစ်စီမံကိန်း၊ တည်ဆောက်ဆဲ ရွှေလီ(၂) နှင့်ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်းတို့၏ ဆက်စပ်တည်ရှိနေမှု၊ စီမံကိန်းချဉ်းကပ်လမ်းများ ဖောက်လုပ် ပြီးစီးမှုအခြေအနေ၊ ပင်မတမံနှင့်အတူ ဆက်စပ်တည်ဆောက်ရမည့် ရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ယာယီရေတားတမံ၊ ကုန်းကြောတမံ၊ ရေလွှဲရေထုတ်ပြွန်စသည့် အဆောက်အအုံများ၏ အနေအထားနှင့် နှစ်အလိုက်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်တို့ကိုရှင်းလင်းတင်ပြသည်။

* ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးသာအေး၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တိုင်းမှူးများက စီမံကိန်းဆိုင်ရာနှင့်ဒေသဆိုင်ရာ အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်က ထုတ်လုပ်ပေးမည့် လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်းကွန်ရက်အတွင်း ပို့လွှတ်ဖြန့်ဖြူးမည့် အစီအစဉ်နှင့် ဓာတ်အားလိုင်းများ သွယ်တန်းမည့်အစီအစဉ်တို့ကိုရှင်းလင်းတင်ပြသည်။

* တင်ပြချက်များအပေါ် ဗိုလ်ချုပ်မှူးကြီးက ရွှေလီ(၃)ရေအားလျှပ်စစ်စက်ရုံစီမံကိန်းသို့ ပစ္စည်းများ သယ်ယူပို့ဆောင်ရမည့် မော်တော်ကားလမ်းကြောင်းများ ခိုင်ခံ့ကောင်းမွန်ရေး၊ စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားလမ်းညွှန်သည်။

* ထို့နောက် စီမံကိန်းရှင်းလင်းဆောင်၌ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဘက်စုံရေလှောင်တမံ အထက်ဘက်အပိုင်း၌ ရေကူရေလှောင်တမံတစ်ခု တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့မှု၊ အဆိုပါဆည်တော်ကြီး ရေကူရေလှောင်တမံကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တည်ဆောက်ရန်နှင့် ရေအားလျှပ်စစ် ဆက်စပ်အဆောက်အအုံများကို အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တည်ဆောက်ရန် တာဝန်ပေးအပ်ခဲ့မှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းတွင် ပါဝင်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လိုသည့် တိုင်းရင်းသားကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုခဲ့ရာ၌ ထူးထရေးဒင်းကုမ္ပဏီလီမိတက်အနေဖြင့် အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းကို လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်လာမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

*   ယင်းနောက် ထူးထရေးဒင်းကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးတေဇက အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်၊ စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် ကုမ္ပဏီ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ အထက်ဆည်တော်ကြီး ပင်မတမံနှင့်အတူ ဆက်စပ်တည်ဆောက်ရမည့် ရေလွှဲဥမင်၊ ရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေသွယ်ဥမင်၊ ရေယူမြောင်းစသည့် အဆောက်အအုံများ၏ အနေအထား၊ အဓိကဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများနှင့် နှစ်အလိုက်စီမံကိန်း လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ်တို့ကို ရှင်းလင်းတင်ပြသည်။

Print this post
Next previous home