၂၀၁၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ရဲရွာ ရေအားလျှပ်စစ် ထုတ်လုပ်မှု စမ်းသပ် လည်ပတ်မည်ဟု သိရ

Posted by MOEP (1)

*   ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းတွင် တပ်ဆင်ထားသည့်လျှပ်စစ်တာဘိုင်ကို ၂၀၁၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၂ရက်နေ့၊ ပြည်ထောင်စုနေ့တွင် စတင်လည်ပတ်ရန်စီစဉ်ထားကြောင်း သတင်းရရှိသည်။ ရဲရွာ ရေအားလျှပ်စစ် ပေးဝေရေးစီမံကိန်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးဝေနိုင်ရန် စက်တပ်ဆင်အား ၁၈၀ မဂ္ဂါဝပ်ကျော်ထွက်ရှိနိုင်သည့် လျှပ်စစ်တာဘိုင် လေးလုံးတပ်ဆင်ထားရာ ယင်းတို့အနက် ပထမဆုံးတာဘိုင် တစ်လုံး စတင်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်တာဘိုင် လေးလုံးလည်ပတ်နိုင်ပါက စက်တပ်ဆင်အား ၇၉၀ မဂ္ဂါဝပ်ထွက်ရှိမည်ဟု သိရသည်။ အဆိုပါ လျှပ်စစ်တာဘိုင်လေးလုံးအပြည့်အ၀ လည်ပတ်နိုင်မည့် အချိန်ကို ၂၀၁၀ပြည့်နှစ် မေလတွင် မှန်းဆထားကြောင်း သိရသည်။ ယင်းအပြင် ၂၀၁၀ ဖေဖေါ်ဝါရီလတွင် ပထမဆုံးတာဘိုင် လည်ပတ်ချိန်၌ ရရှိမည့် လျှပ်စစ်ဓာတ်အား ၁၈၀ မဂ္ဂါဝပ်ကျော်ကို ရန်ကုန်မြို့တော်သို့ ပေးပို့သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၅၀၀ မဂ္ဂါဝပ်ဖြစ်သည်။ ရန်ကုန်မြို့တော်အား ၂၀၁၀ ပြည့်နှစ်မေလတွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးဝေနိုင်ရေးအတွက် ဧရာဝတီတိုင်းရှိ ကမ်းလွန်ပင်လယ်ပြင်မှ ဓာတ်ငွေ့ပိုက်လိုင်းသစ်တစ်ခုကို အလျင်အမြန် တပ်ဆင်လျက်ရှိရာအဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ကုဗပေ နှစ်သန်းကျော် ရရှိမည်ဖြစ်သည်။ ယင်းပမာဏသည် ရန်ကုန်မြို့တော်တွင် တပ်ဆင်ထားသည့်ဓာတ်ငွေ့နှင့်လည်ပတ်နေသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံလေးရုံကို လည်ပတ်နိုင်သည့်ပမာဏရှိကြောင်းလည်း သိရသည်။ အဆိုပါ စက်ရုံလေးရုံနှစ်ဆယ့် လေးနာရီ လည်ပတ်နိုင်ပါက ရန်ကုန်မြို့တော်တွင် လျှပ်စစ်ဓာတ်အား နှစ်ဆယ့်လေးနာရီ အပြည့်အ၀ ရရှိလာနိုင်မည်ဟုလည်း သတင်းရရှိပါသည်။ ရန်ကုန်မြို့တော်သို့ ၂၄ နာရီလျှပ်စစ်မီးပေးဝေနိုင်ရန် ရည်ရွယ်သည့်အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုလာမည့် ၂၀၁၀ ဧပြီလတွင်ပြီးစီးနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး မေလတွင် လျှပ်စစ်မီး စတင် ပေးဝေနိုင်ရန် မျှော်မှန်းထားကြောင်း၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၂၀ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=17913


Print this post
Next previous home