ဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်း ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ကြည့်ရှုစစ်ဆေးမှာကြား

Posted by MOEP (1)

(နေပြည်တော် နိုဝင်ဘာ ၁၃)

* အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းအား နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်၌ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်က စီမံကိန်းတစ်ခုလုံးရှိ လုပ်ငန်းပိုင်းများအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆောင်ရွက်ရန် ကျန်ရှိမှုအခြေအနေ၊ စီမံကိန်းရှိ လုပ်ငန်းများအတွက် စက်ပစ္စည်းများ ရောက်ရှိမှုနှင့် ကျန်ရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

* ထို့နောက် ၀န်ကြီးက စီမံကိန်းလုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတိုင်း လုပ်ငန်း တစ်ခုချင်း ပြီးစီးရန် နေ့ရောညပါ အဆိုင်းလိုက်ခွဲ၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရေး၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ စံချိန်စံညွှန်း ပြည့်မီရေးနှင့် အရည်အသွေး ကြပ်မတ်စစ်ဆေးရေး၊ စက်ပစ္စည်းများ အချိန်နှင့် တစ်ပြေးညီ ရောက်ရှိရေး၊ အလေအလွင့် နည်းပါးရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို မှာကြားသည်။

တပ်ဆင်နေ
* ယင်းနောက် ၀န်ကြီးနှင့်အဖွဲ့သည် ရှုရပ်မှ ပင်မ (R.C.C) တမံ၏ နောက်ဆုံး သွန်းလောင်းရန် ကျန်ရှိသော Stage-13 ကွန်ကရစ်သွန်းလောင်းရန် ပြင်ဆင်နေမှုနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက် နေမှု၊ ပင်မရေပိုလွှဲ ကွန်ကရစ် သွန်းလောင်းနေမှု၊ ရေယူအဆောက်အအုံ ဆောင်ရွက်နေမှု၊ ဓာတ်အားပေး စက်ရုံ (Lower Bend) တပ်ဆင်နေမှု၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းခွင်၌ Machine Bay Unit (1),(2),(3),(4) များအား အောက်ခြေစက်ပစ္စည်းများ တပ်ဆင်နေမှု၊ ကွန်ကရစ်သွန်းလောင်း နေမှုနှင့် Bottom Outlet Gate Chamber များ တပ်ဆင်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

ပြီးစီးမှု
* ယခုအခါ ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ ပင်မ (R.C.C)တမံ တည်ဆောက်ပြီးစီးမှု ၉၈ ရာခိုင်နှုန်း၊ ဓာတ်အားပေးစက်ရုံ (Power House) မြို့ပြလုပ်ငန်း တည်ဆောက်ပြီးစီးမှု ၇၇ ရာခိုင်နှုန်း၊ ပင်မ ရေပိုလွှဲ (Spillway)တည်ဆောက်ပြီးစီးမှု ၂၈ ရာခိုင်နှုန်းနှင့် ရေယူအဆောက်အအုံ (Power Intake) တည်ဆောက်ပြီးစီးမှု ၇၁ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

အကြီးစားစီမံကိန်း
* ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော် ကုန်ကျမည့် အကြီးစား စီမံကိန်းကြီးတစ်ခုဖြစ်ပြီး ယင်းစီမံကိန်း ကုန်ကျစရိတ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၂၀၀ ပါဝင်ကာ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာသန်း ၄၀၀ကျော်ကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း။

အရှိန်အဟုန်ဖြင့်
* နိုင်ငံတော်အစိုးရသည် နိုင်ငံအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် သုံးစွဲနိုင်ရေး အတွက် အကြီးစား ရေအားလျှပ်စစ် စီမံကိန်းကြီးများကို အရှိန်အဟုန်ဖြင့် ဆောက်လုပ်လျက်ရှိရာ ယခု ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးပါက စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ မှ တစ်နှစ်လျှင် လျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၃၅၅၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် စီမံကိန်းတစ်ခုလုံး အနေဖြင့် ၆၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။


Print this post
Next previous home