တီကျစ်ကျောက်မီးသွေးပြာနှင့်အင်းလေးကန်

Posted by MOEP (1)

* အင်းလေးကန် မိုင်(၂၀)၀န်းကျင်တွင်ရှိသော ပင်လောင်းမြို့နယ် နောင်တရားမြို့ တီကျစ်ကျေးရွာရှိ ကျောက်မီးသွေးသုံး ရေနွေးငွေ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော ကျောက်မီးသွေးပြာ (Fly Ash) ဟုအသိများ​သော​ လောင်ကျွမ်းပြီး ကျောက်မီးသွေးပြာမှုန့် (Plnverized Fly Ash)သည် လျှပ်စစ်စွမ်းအင် ရရှိရန် အသုံးပြုသော မြေဆန်သည့် ကျောက်မီးသွေး လောင်ကျွမ်းခြင်းမှ ရရှိသော ပြာကြွင်း ဖြစ်သည်။ ထို့ပြင် ဘိလပ်မြေဆန်သော ဂုဏ်သတ္တိ (Cementitious Properties) ရှိကြောင်း လည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခဲ့သည်။

* တီကျစ်ဒေသထွက် ကျောက်မီးသွေးပြာအား လက်တွေ့အသုံးပြုလျက်ရှိရာ ပင်လောင်းမြို့နယ် စည်ပင် သာယာရေး အဖွဲ့တွင် အမာခံရှိပြီးဖြစ်သည့် ဈေးအတွင်းလမ်းကို ကျောက်မီးသွေးပြာနှင့် ဖြုန်းသဲ ရောစပ်ပြီး ၁း၆ အချိုးဖြင့် လမ်းခင်းထားသည်ကို တွေ့ရသည်။


* နောင်တရားမြို့ စည်ပင်သာယာရေးအဖွဲ့ အဝင်လမ်းကို ကျောက်မီးသွေးပြာနှင့် ဖြုန်းသဲ ၁း၅ ဖြင့် လမ်းခင်းဆောင်ရွက်ခဲ့သည်။ တီကျစ်ဒေသရှိ ဒေသခံတပ်ရင်း နှစ်ရင်းတွင်လည်း တပ်တွင်း လမ်းများ ကိုလည်း ကျောက်မီးသွေးပြာတစ်ဆ ဖြုန်းသဲသုံးဆ ရောစပ်ပြီး ခြောက်ဘက်မထု ခင်းထားသော လမ်းအဖြစ် အသုံးပြုခင်းထားသည်ကို တွေ့ရသည်။ ထို့အပြင် အောင်ပန်းမြို့ ပစ္စုပ္ပန် ဓမ္မရိပ်သာ ဘုန်းကြီးကျောင်း ဝင်လမ်းလည်း ကျောက်မီးသွေးပြာ တစ်ဆ၊ ဖြုန်းသဲ ခြောက်ဆတို့ ဖြင့် ရောစပ် ခင်းထားပြီး မျက်နှာပြင်အား ဘိလပ်မြေနှင့် ဖြုန်းမှုန့် ရောစပ်အသုံးပြုထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်...click ပါ
* ပြည့်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အောင်ပန်း-ပင်လောင်း လမ်းအပိုင်းရှိ ချိုင့်ခွက်များတွင် (တစိလက်မ-နှစ်လက်မ) ကျောက်များအောက်မှ ဖြည့်ပြီး (Fly Ash) နှင့် ဗြုန်းသဲအား ၁း၃ အချိုးဖြင့် ဖျော်စပ်၍ လမ်းပေါက်များ ဖာထေးခဲ့သည်။

* တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် အတွင်းရှိ နေအိမ်များတွင်လည်း (Fly Ash) အသုံးပြု၍ ကွန်ကရစ် ကြမ်းခင်းခြင်း၊ အုတ်တံတိုင်း ကာရံခြင်း၊ ဘလောက်အုတ်ရိုက်ခြင်း လုပ်ငန်းများတွင် အသုံးပြု ထားကြောင်း တွေ့ရသည်။

* ၂၀၀၆ ခုနှစ်မှစ၍ ဆည်မြောင်းဦးစီးဌာနက ပုပ္ပားဒေသမှ ထွက်ရှိသော သဘာဝ ပိုဇိုလန် (Pozzoland) နှင့် တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ထွက်ရှိသော Fly Ash Pozzolan တို့အား ဘိလပ်မြေ ၄၀ ရာခိုင်နှုံးမှ ၃၀ ရာခိုင်နှုံးအထိ အစားထိုးသုံးစွဲရန် ထောက်ခံခဲ့သည်။ အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန မှလည်း ကျိုင်းတောင်း ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ရာတွင် လမ်းခင်းခြင်း နှင့် ရေမြောင်းများပြုလုပ်ရာတွင် ဘိလပ်မြေနှင့် ကျောက်မီးသွေးပြာ ရောစပ်၍ အသုံးပြုခဲ့သည်။

* ယခုအခါ တီကျစ်၊ တောင်ကြီး၊ လွိုင်ကော်နှင့် ကလောဒေသများအပြင် နေပြည်တော်၊ မိတ္ထီလာနှင့် ပြည်မြို့တို့တွင် ကျောက်မီးသွေးပြာများအား ကွန်ကရစ်လမ်းခင်းခြင်းတွင်လည်းကောင်း၊ ပန်းရံလုပ်ငန်း များတွင် လည်းကောင်း၊ ဗြုန်းအုတ် ထုတ်လုပ်ရာတွင် လည်းကောင်း ဘိလပ်မြေနှင့် ထုံးအသုံးပြုခြင်းမှ အစားထိုး သုံးစွဲခြင်းကြောင့် ကုန်ကျစရိတ် သက်သာခြင်း အကျိုးကျေးဇူးကို ရရှိနေသဖြင့် ဒေသထွက် ကျောက်မီးသွေး ပြာများအား တွင်ကျယ်စွာ အသုံးပြုနေပေပြီ။

* တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ လျှပ်စစ် ဓာတ်အားပေးစက်ရုံမှ နေ့စဉ် ကျောက်မီးသွေးပြာတန် ၁၀၀ မှ ၁၅၀ အထိ ထွက်ရှိသဖြင့် တစ်နှစ်လျှင် ကျောက်မီးသွေးပြာ တန်ချိန်ပေါင်း ၃၆၅၀၀ မှ ၅၄၇၅၀ အထိ ရရှိနိုင်သည်။ ထိုသို့ထွက်ရှိလာသော ကျောက်မီးသွေးပြာများကို အင်းလေးဒေသ မိုင် (၂၀) ဝန်းကျင်တွင် ထုံးအစားထိုး အသုံးပြုနိုင်ပါက နှစ်စဉ် ထုံးတန်ချိန် ၃၆၅၀၀ မှ ၅၄၇၅၀ အထိ လျော့ချ အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုသို့ လျော့ချ အသုံးပြုခြင်းဖြင့် တစ်နှစ်လျှင် သက်ရင့်အသားမာ သစ်ပေါင်း ၅၀၀၀ မှ ၇၅၀၀ အထိလည်းကောင်း၊ သက်တမ်းနုသစ်ပင် ၁၂၀၀၀၀ မှ ၁၈၀၀၀၀ အထိလည်းကောင်း ထုံးဖုတ်ထင်း အဖြစ် ခုတ်ယူခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

(၂၄.၇.၂၀၀၈ ရက်နေ့ထုတ် မြန့်မာ့အလင်း သတင်းစာပါ သတင်းဆောင်းပါး ရဲလင်းအောင်(အင်းလေး)၏ "အင်းလေးကန် မိုင် ၂၀ ၀န်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောများ ထိန်းသိမ်းရေးနှင့် တီကျစ်ကျောက်မီးသွေးပြာ" ဆောင်းပါးမှ ထုတ်နှုတ် ဖော်ပြပါသည်။)



Print this post
Next previous home