ပသိရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနား

Posted by MOEP (1)

* နှစ်(၆၀)ပြည့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရေအားလျှပ်စစ် ဓါတ်အားထုတ်လုပ်ရေး လုပ်ငန်းက တာဝန်ယူ တည်ဆောက်ပြီးစီးသွားသော ပသိ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ အဆိုပါစက်ရုံ၌ ကျင်းပရာ ပဲခူးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကို၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းတာဝန်ခံ၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ၀န်ကြီး ဗိုလ်ချုပ်အောင်မင်း၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ဝင်းမြင့်၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရေအားလျှပ်စစ် ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပသိရေအားလျှပ်စစ်စီမံကိန်းမှ စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာမှူကြီးနှင့် တာဝန်ရှိသူများ၊ တောင်ငူခရိုင်နှင့် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင် ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ဘင်ခရာ၊ ပန်းဖွား၊ ကရင်ဒုံးယိမ်း အကနှင့် ရှမ်းအိုးစည်အက အဖွဲ့ဝင်များ၊ မင်္ဂလာစည်တော်အဖွဲ့နှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

* ရှေးဦးစွာ ပသိရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို စက်ရုံရှေ့ရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ တိုင်းမှူး၊ ဗိုလ်ချုပ်ကိုကိုက အဖွင့်အမှာစကား ပြောကြားရာတွင် ပသိရေအားလျှပ်စစ် စက်ရုံသည် ပဲခူးတိုင်း၊ တောင်ငူမြို့နယ် တောင်ငူမြို့၏ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ငွေတောင်လေး ကျေးရွာအနီး ပသိချောင်းကိုပိတ်၍ တည်ဆောက်ပြီးစီးထားသော ပသိရေလှောင်တမံမှ ဆည်ရေကို အသုံးပြုရန် ရည်ရွယ်တည်ဆောက်ထားသည့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်ကြောင်း၊ ပသိရေလှောင်တမံကို ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြီးစီးခဲ့သဖြင့် ရေလှောင်တမံဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်တက်ရောက် အားပေးချီးမြှင့်ခဲ့ကြောင်း၊ စီမံကိန်း၏ ဒုတိယအဆင့် ရေအား လျှပ်စစ်ကဏ္ဍကို အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဆက်လက်လိုက်ပါ ဆောင်ရွက်ခဲ့သဖြင့် ယနေ့ နယ်မြေဒေသ၏ လျှပ်စစ်လိုအပ်ချက်ကို လက်တွေ့ အကောင်အထည်ဖော် ဖြည့်ဆည်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း။

* ပသိရေလှောင်တမံအတွင်း နှစ်စဉ်ပျမ်းမျှ စီးဝင်ရေ ပမာဏမှာ တစ်နှစ်ပတ်လုံး ဓါတ်အား ထုတ်လုပ် နိုင်ရန် လိုအပ်ရေ အလုံအလောက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်း ဖြစ်ကြောင်း။ ကရင်ပြည်နယ် အတွင်းမှ မြစ်ဖျားခံစီးဆင်းခဲ့သည့် ပသိချောင်းကိုပိတ်၍ တည်ဆောက်ခဲ့သည့် ရေလှောင်တမံ သိုလှောင်ရေများကို အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တိုင်းရင်းသား ညီအစ်ကိုများအပေါ် ထားရှိသည့် စိတ်စေတနာမွန်ဖြင့် လမ်းညွှန်ချက်အရ ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် သံတောင်သစ်မြို့တို့သို့ သီးသန့် ၃၃ ကေဗွီ ဓါတ်အားလိုင်းစနစ်ဖြင့် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်သည်မှာ များစွာ ဂုဏ်ယူဖွယ်ဖြစ်သည်ဟု ပြောကြားလိုကြောင်း၊ ကရင်ပြည်နယ်အတွင်းမှ စီးဆင်းလာသော ပသိရေကို အသုံးချ၍ ကရင်ပြည်နယ်အတွင်းသို့ ဓါတ်အားပို့လွှတ် ဖြန့်ဖြူးနိုင်ခြင်းသည် တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီးမှု သရုပ်ကိုလည်း ဖန်တီးနိုင်ခဲ့သည်ဟု ပြောကြားလိုကြောင်း။

* ပသိရေလှောင်တမံသည် ယခုအခါ လယ်မြေဧရိယာ ဧက ၃၀၀၀ ပေါ်တွင် သီးနှံဧရိယာ ဧက ၄၀၀၀ ကိုသာ စိုက်ပျိုးရေ ပေးနိုင်ရုံသာမကဘဲ ရေအားလျှပ်စစ် တပ်ဆင်စက်အင်အား (၂)မဂ္ဂါဝပ် ကီလိုဝပ် ၂၀၀၀ ဖြင့် ဓါတ်အားထုတ်လုပ်နိုင်မည်ဖြစ်၍ ဘက်စုံစီမံကိန်းဝင် တစ်ခုအဖြစ် ခေါ်ဆိုနိုင်ပါကြောင်း။

* ပဲခူးတိုင်းသည် ရေအားလျှပ်စစ် အရင်းအမြစ်များ ပေါကြွယ်ဝသည့် တိုင်းတစ်တိုင်း ဖြစ်သည့်အလျောက် စစ်တောင်းမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကို အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အစီအရီ ပေါ်ပေါက်လာရေး ကြိုးပမ်း အားထုတ် ဆောင်ရွက်လျက် ရှိသည်ကို ပြောကြားလိုကြောင်း။

* ပဲခူးတိုင်း၊ ပဲခူးမြို့နယ် ဇောင်းတူရေအားလျှပ်စစ်စီမံကိန်း မဂ္ဂါဝပ် ၂၀၊ ကျောက်တံခါးမြို့နယ် မြို့ချောင်း ကျေးရွာအနီး ရဲနွယ်ရေအားလျှပ်စစ်စီမံကိန်း ၂၅ မဂ္ဂါဝပ်၊ တောင်ငူမြို့နယ် ငွေတောင်လေးကျေးရွာအနီး ပသိရေအားလျှပ်စစ်စီမံကိန်း ၂ မဂ္ဂါဝပ် တို့သည် ပြီးစီးထားသည့် စီမံကိန်းများဖြစ်ကြောင်း၊ ၎င်းအပြင် တည်ဆောက်ဆဲ အုတ်တွင်းမြို့နယ် ခပေါင်း ရေအားလျှပ်စစ် စီမံကိန်း မဂ္ဂါဝပ် ၃၀၊ တောင်ငူမြို့နယ် သောက်ရေခပ်(၂)စီမံကိန်း မဂ္ဂါဝပ် ၁၄၀၊ ဖြူးမြို့နယ် ဖြူးချောင်း ရေအားလျှပ်စစ်စီမံကိန်း မဂ္ဂါဝပ် ၄၀၊ ဖြူးမြို့နယ်၊ ကွန်းချောင်း ရေအားလျှပ်စစ်စီမံကိန်း မဂ္ဂါဝပ် ၆၀၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်ရေအား လျှပ်စစ်စီမံကိန်း ၇၅ မဂ္ဂါဝပ် တို့သည် တစ်ခုပြီးတစ်ခု ဓါတ်အား ထုတ်လုပ်သည့်အဆင့် ဆက်တိုက် ထွက်ပေါ်လာမည့် စီမံကိန်းများဖြစ်ပြီး ခပေါင်းစီမံကိန်းက မကြာမီ ဖွင့်လှစ်နိုင်တော့မည့် ရေအားလျှပ်စစ် စီမံကိန်းတစ်ခု ဖြစ်သည်ဟု ပြေကြားလိုကြောင်း၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သီးခြားတာဝန်ယူ ဆောင်ရွက် လုပ်ကိုင်လျက်ရှိသည့် ကွန်းချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ ရွှေကျင် ရေအား လျှပ်စစ် စီမံကိန်း၊ သောက်ရေခပ်(၂) ရေအားလျှပ်စစ် စီမံကိန်းတို့အနက် ကွန်းချောင်းနှင့် သောက်ရေခပ်(၂) စီမံကိန်း နှစ်ခုသည် စိုက်ပျိုးရေအတွက် ဆည်ရေပေးဝေနိုင်သည့် စီမံကိန်းများ ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် စီမံကိန်းများကို နိုင်ငံတော်မှ ပြည်တွင်းသုံးငွေနှင့် နိုင်ငံခြားသုံးငွေ အမြောက်အမြား အကုန်အကျခံကာ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်သည်ကို သိရှိနားလည်ကြရန် တိုက်တွန်း လိုကြောင်းဖြင့် ပြောကြားသည်။

* ထို့နောက် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက အမှာစကား ပြောကြား ရာတွင် ယနေ့ဖွင့်လှစ်သော ပသိရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံသည် ရေအား လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ထိန်းသိမ်းမောင်းနှင်၊ ဓါတ်အားထုတ်လုပ်ပေးလျက်ရှိသည့် စက်ရုံ ၁၃ ခုတွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်း။

* စက်တစ်လုံးလျှင် (၁) မဂ္ဂါဝပ်ရှိသည့် စက်နှစ်လုံး တပ်ဆင်ထားပြီး စုစုပေါင်း စက်တပ်ဆင်အင်အား (၂) မဂ္ဂါဝပ်ရှိကြောင်း၊ ပသိရေအားလျှပ်စစ်စက်ရုံ၏ မြို့ပြဆိုင်ရာ တည်ဆောက်မှု၊ စက်မှု/လျှပ်စစ်ပိုင်း ဆိုင်ရာ တပ်ဆင် တည်ဆောက်မှုတို့ကို ရေအားလျှပ်စစ် ဓါတ်အားထုတ်လုပ်ရေး လုပ်ငန်းမှ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာတွင် စက်စမ်းသပ် လည်ပတ်၍ ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် တစ်နှစ်ကာလအတွင်း စီမံကိန်း ပြီးစီးသဖြင့် ဒေသ လိုအပ်သည့် လျှပ်စစ်ဓါတ်အားကို ဖြည့်ဆည်း ပေးနိုင်ခဲ့ကြောင်း၊ နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ် နာရီသန်းပေါင်း ရှစ်သန်း ထုတ်လုပ်ပေးမည်ဖြစ်ပြီး စက်ရုံမှ ထွက်ရှိလာသော ဓါတ်အားများကို သီးသန့် ဓါတ်အားလိုင်းစနစ်ဖြင့် ကရင်ပြည်နယ် သံတောင်ကြီးနှင့် သံတောင်သစ်မြို့များသို့ အဓိက ဖြန့်ဖြူးပေးရန် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လမ်းညွှန်ကြားကြောင်း၊ ပသိ ရေအားလျှပ်စစ် စက်ရုံသည် နိုင်ငံတော် အတွင်းတွင်ရှိသည့် ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ ၄၅ ခု အပါအ၀င် ၄၆ ခုမြောက် ဖွင့်လှစ်သော ရေအားလျှပ်စစ် စက်ရုံဖြစ်ပြီး ပဲခူးတိုင်းနှင့် စစ်တောင်းမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများအနက် စတုတ္ထမြောက် ဖွင့်လှစ်သော စီမံကိန်းလည်းဖြစ်ကြောင်း။

* အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ပသိ ဓါတ်အားပေးစက်ရုံ အပါအ၀င် တစ်ပြိုင်တည်း တည်ဆောက် နေသည့် ရေအားလျှပ်စစ် စီမံကိန်းကြီး ၁၅ ခု ပြီးသွားလျှင် စက်တပ်ဆင်အင်အား ၁၀၄၀၀ မဂ္ဂါဝပ် ထပ်မံတိုးတက် ရရှိလာမည်ဖြစ်ကြောင်း။

* ယင်းတစ်ပြိုင်တည်း တည်ဆောက် နေသော စီမံကိန်း ၁၅ ခုအနက် ကျိုင်းတောင်း စီမံကိန်း ၅၄ မဂ္ဂါဝပ်၊ ရွှေလီ(၁)စီမံကိန်း မဂ္ဂါဝပ် ၆၀၀ရဲရွာ စီမံကိန်း မဂ္ဂါဝပ် ၇၉၀ နှင့် စစ်တောင်းမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများဖြစ်သည့် ခပေါင်း စီမံကိန်း မဂ္ဂါဝပ် ၃၀၊ ကွန်းချောင်း စီမံကိန်း မဂ္ဂါဝပ် ၆၀၊ ဖြူးချောင်းစီမံကိန်း မဂ္ဂါဝပ် ၄၀၊ ရွှေကျင်စီမံကိန်း ၇၅ မဂ္ဂါဝပ် စီ ရှိကြသည့် စီမံကိန်းကြီး ခုနှစ်ခုကို ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်ခုပြီးတစ်ခု၊ တစ်နှစ်ပြီးတစ်နှစ် အစီအရီ ဆက်တိုက် ပြီးစီးသွားအောင် ကြိုးစား တည်ဆောက်လျက် ရှိကြောင်းဖြင့် ပြောကြားသည်။

* ယင်းနောက် ဒေသခံပြည်သူများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ပသိရေအားလျှပ်စစ် စီမံကိန်း တည်ဆောက် ပေးခြင်းအတွက် နိုင်ငံတော်အစိုးရအား ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ရေအားလျှပ်စစ် ဓါတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကြည်သာက တိုင်းမှူး ဗိုလ်ချုပ်ကိုကို၊ ဗဟိုအလုပ်အမှုဆောင် ၀န်ကြီး ဗိုလ်ချုပ် အောင်မင်းနှင့် ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ၀င်း မြင့် တို့အား ဖွင့်ပွဲအထိမ်းအမှတ် အလံများကို ပေးအပ်သည်။

* ဆက်လက်၍ အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း၊ ဗဟို အလုပ်အမှုဆောင်၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ၀န်ကြီး ဗိုလ်ချုပ် အောင်မင်းနှင့် အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဗိုလ်မှူုးချုပ် ၀င်းမြင့်တို့က ပသိရေအား လျှပ်စစ် ဓါတ်အားပေး စက်ရုံ မုခ်ဦးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

* ထို့နောက် တိုင်းမှူး၊ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများသည် ပသိ ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံ စီမံကိန်းမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်အတူ မှတ်တမ်းဓါတ်ပုံ ရိုက်ကြသည်။ ယင်းနောက် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုက ပသိ ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံ ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်း ကျောက်စာတိုင်ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။

* ထို့နောက် တိုင်းမှူးက စက်ရုံ ကွန်ပျူတာ ထိန်းချုပ်ခန်းရှိ Automatic Control Computer System ဖြင့် လျှပ်စစ် ဓါတ်အားပေး စက်အမှတ် (၁) ကို မောင်းနှင်ဖွင့်လှစ်ပေးသည်။

* ယင်းနောက် တိုင်းမှူးနှင့် ၀န်ကြီးများသည် စက်ရုံအတွင်းရှိ လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်မှု မှတ်တမ်း ဓါတ်ပုံပြခန်းကို ကြည့်ရှုကြပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး ကြကာ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

* ပသိ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက ၁၉၉၇ ခုနှစ်၊ ဇန်န၀ါရီလတွင် တည်ဆောက်ပြီးစီးခဲ့သော ပသိရေလှောင်တမံ၌ အမှတ်(၁)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန၊ ရေအားလျှပ်စစ် ဓါတ်အား ထုတ်လုပ်ရေးလုပ်ငန်းက ရေအားလျှပ်စစ် ဓါတ်အား တိုးချဲ့ထုတ်လုပ်ရေး စီမံချက်အရ တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့သော ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ဖြစ်သည်။

* ပသိ ရေလှောင်တမံမှ တောင်ငူဒေသရှိ နွေစပါး စိုက်ဧက ၁၅၀၀ ကို စိုက်ပျိုးရေဖူလုံစွာ ပေးဝေ၍ ပိုလျှံသော ဆည်ရေဖြင့် ရေအားလျှပ်စစ် ဓါတ်အားထုတ်ယူရန် အချင်း ပင်မ ၁၀ ပေ၊ စက်ရုံအ၀င် ၆ ပေ၊ အလျား ပင်မ ၇၆၅ ပေ၊ စက်ရုံအ၀င် ၁၀၅ ပေရှိ ဖိအားမြှင့် ပိုက်လိုင်းဖြင့် တပ်ဆင်စက်အင်အား (၁)မဂ္ဂါဝပ် စီရှိ ကက်ပလန်တာဘိုင် (အလျားလိုက်ဝင်ရိုး) တာဘိုင်အမျိုးအစား စက်နှစ်လုံး တပ်ဆင်ကာ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ရှစ်သန်း ထုတ်လုပ်၍ ၃၃ ကေဗွီ ဓါတ်အားလိုင်းဖြင့် ကရင်ပြည်နယ်၊ သံတောင်မြို့နယ်သို့ လျှပ်စစ်ဓါတ်အား ပို့လွှတ်ဖြန့်ဖြူး သွားရန်နှင့် ပိုလျှံသော လျှပ်စစ်ဓါတ်အားကို တောင်ငူဒေသအတွင်း ဖြန့်ဖြူးသွားရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။


Print this post
Next previous home